Thursday, June 12, 2008

မြန်မာတပြည်လုံးတွင် SAVE BURMA အမည်ရ စစ်သင်္ဘောများ ဗွီစီဒီခွေ ပျံ့နှံ့နေ

12th June
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နှစ်ပတ်အကြာက မြန်မာလေဘေးဒုက္ခသည်များကို ကယ်ဆယ်ကူညီရေး လုပ်ဆောင်ရန်အတွက် အမေရိကန်စစ်သင်္ဘောများ ဖြစ်ကြသည့် USS Essex, USS Juneau နှင့် USS Harpers၊ ပြင်သစ်စစ်သင်္ဘော Le Mistral နှင့် ဗြိတိသျှစစ်သင်္ဘော HMS Webminster တို့သည် မြစ်ဝကျွန်း ပေါ်ကမ်းရိုးတန်းအနီးသို့ ဦးတည်ခုတ်မောင်းခဲ့ကြသည်။ အဆိုပါ စစ်သဘောင်္ (၅)စင်း မြစ်ဝကျွန်းပေါ် ကမ်းရိုး တန်းအနီးသို့ ဦးတည်ခုတ်မောင်းလာပုံကို ပြသထားသည့် SAVE BURMA အမည်ရ ဗွီစီဒီ မှတ်တမ်းခွေသည် ယခုအခါ မြန်မာတနိုင်ငံလုံးတွင် ပျံ့နှံ့နေပြီး မြန်မာစစ်တပ်အတွင်းမှ စစ်သားမိသားစုများပင် စိတ်ဝင်တစား ၀ယ်ယူအားပေး ကြည့်ရှုနေကြကြောင်း၊ မြန်မာပြည်သူများကြားတွင် “သဘောင်္ခွေ”ဟု လူသိများလျက်ရှိ ကြောင်း သတင်းရရှိသည်။ လက်ဖက်ရည်ဆိုင်များ၊ ဘီယာဆိုင်များတွင် အဆိုပါ ဗွီစီဒီအခွေကို ၀ိုင်းအုံကြည့်ရှု နေကြပြီး လက်ခုပ်လက်ဝါးတီးကာ “မြန်မြန် ၀င်ပါတော့ဗျို့”ဟု အော်ဟစ် အားပေးနေကြကြောင်း မျက်မြင် သက်သေတဦးက ပြောကြားသည်။

အမေရိကန်စစ်သင်္ဘောများ ဖြစ်ကြသည့် USS Essex, USS Juneau နှင့် USS Harpers တို့သည် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းအနီး ရေမိုင် (၆၀)အကွာ၌ လည်းကောင်း၊ ပြင်သစ်စစ်သင်္ဘော Le Mistral သည် ရေမိုင် (၁၃)မိုင်အကွာ၌ လည်းကောင်း၊ ဗြိတိသျှစစ်သင်္ဘော HMS Webminster သည် ရေမိုင် (၁၂)မိုင် အကွာ၌လည်းကောင်း အသီးသီး စောင့်ဆိုင်းနေခဲ့ကြသည်။ ယခုအခါ မြန်မာစစ်အစိုးရက ကယ်ဆယ်ကူညီ ရေးအတွက် ၀င်ရောက်ခွင့်ပြုရန် ငြင်းဆန်သဖြင့် အမေရိကန်နှင့် ပြင်သစ်စစ်သင်္ဘောများ ပြန်လည်ဆုတ်ခွာ သွားကြပြီး ဗြိတိသျှစစ်သင်္ဘော HMS Webminster သာ ဆက်လက်စောင့်ဆိုင်းလျက်ရှိသည်။

မြန်မာပြည်တွင်းမှ ရောက်ရှိလာသည့် အဆိုပါ ဗွီစီဒီခွေသည် မဲဆောက်မြို့ရှိ မြန်မာရွှေပြောင်း အလုပ်သမား များ ကြားတွင်လည်း ပျံ့နှံ့လျက်ရှိပြီး ကြည့်ရှုသူအပေါင်းက မိမိတို့၏ ညီနောင်သားချင်း ဒုက္ခသည်များကို အလျင်အမြန် ကယ်တင်ရန်အတွက် စစ်သင်္ဘောများ မြန်မြန်ဝင်ရောက်ပါစေဟု ပြောဆိုနေကြကြောင်း ကြားသိရသည်။ အဆိုပါ ဗွီစီဒီခွေကို ကြည့်ရှုရသူ မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက “ရေလည်မိုက် တယ်ဗျာ၊ ကြည့်ရတာနဲ့တင် အားတော်တော်ရှိသွားတယ်။ ဗြိတိသျှစစ်သင်္ဘောကြီးဆို ဒုံးကျည်တွေတောင် ပစ်ပြနေသေးတယ်။ အဲဒီစစ်သင်္ဘောတွေ မြန်မြန်ဝင်ပါစေဗျာ။ ကျနော်တို့ ပြည်သူတွေလည်း အရမ်းကို ဒုက္ခရောက်နေကြပါပြီ။ ဒီစစ်သင်္ဘောတွေဝင်မှ သန်းရွှေတို့လည်း မြန်မြန်ထွက်ပြေးမှာ။ သူတို့ထွက်ပြေးမှ တိုင်းပြည်ကောင်းသွားမှာလေ။ ဒါကြောင့် မြန်မြန်ဝင်လေ ကောင်းလေပဲ”ဟု ပြောဆိုသည်။
နာဂစ်မုန်တိုင်းဒဏ်သင့် မြန်မာဒုက္ခသည်များသည် မုန်တိုင်းတိုက်ခတ်ပြီး တစ်လနှင့် ဆယ်ရက်ရှိပြီဖြစ်သည့် ယနေ့အချိန်အထိ အကူအညီများ ထိထိရောက်ရောက် မရရှိသေးဘဲ စားရမဲ့၊ သောက်ရမဲ့၊ အမိုးအကာမဲ့ ဘ၀များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ဆက်လက် အသက်ရှင်သန်နိုင်ရန် နိုင်ငံတကာ အကူအညီ များကို အကြီးအကျယ် မျှော်လင့်စောင့်စားလျက်ရှိသည်။ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တသိန်းခွဲခန့် သေဆုံးပြီး ၂.၅သန်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်ကာ အတိဒုက္ခရောက်လျက်ရှိသည်။
From http://drlunswe.blogspot.com/

0 Comments: