Friday, June 20, 2008

နအဖ ဝန်ကြီးအဖွဲ့အတွင်း ရာထူး အပြောင်းအလဲ လုပ်

နေသွင်
သောကြာနေ့၊ ဇွန်လ 20 2008 18:19 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာစစ်အစိုးရအတွင်း ရာထူး အပြောင်းအလဲများ စတင် ပြုလုပ်နေပြီ ဖြစ်ရာ စတင်သိရှိရသော အပြောင်းအလဲမှာ ရေတပ် ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စိုးသိန်းကို စက်မှု ၂ ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး၊ စက်မှု (၂) ဝန်ကြီး ဗိုလ်ချုပ် စောလွင်ကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ ပြောင်းလဲ ခန့်အပ်လိုက်သည်။

ရေတပ်ဦးစီးချုပ်ကို ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခြင်းသည် စစ်အစိုးရလက်ထက် အပြောင်းအလဲများတွင် ပထမဆုံး ဖြစ်လာသည်။ ယခင်က လဝက ကို ဗိုလ်ချုပ် မောင်မောင်ဆွေက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် တွဲကိုင်ခဲ့သည်။


နအဖ စစ်အစိုးရအဖွဲ့အတွင်း ယနေ့ ထွက်ပေါ်လာသော ရာထူး အပြောင်းအလဲ ကိစ္စသည် ထူးခြားမှု ရှိသည်ဟု မြန်မာ့စစ်ရေး အကဲခတ်များက သုံးသပ်သည်။

တရုတ်-မြန်မာ နယ်စပ်မှ စစ်ဘက်ရေးရာ လေ့လာသူ ဦးအောင်ကျော်ဇောက ရေတပ်ဦးစီးချုပ် ဝန်ကြီး ဖြစ်လာခြင်းနှင့် ပတ်သက်ပြီး သူက “ဒါမျိုးက ရှားတယ်။ တလျှောက်လုံး ရေတပ် ဦးစီးချုပ်ကို အဲလိုခန့်တာ ရှားတယ်။ တယောက်မှ မရှိခဲ့ဖူးဘူး။ လေတပ် ဦးစီးချုပ်ရော၊ ရေတပ် ဦးစီးချုပ်ရော။ အစဉ်အလာတော့ မရှိဘူး။ ကျနော်တို့ သိသလောက်က နအဖ ခေတ်မှာ မရှိပါဘူး” ဟု ပြောသည်။

လေမုန်တိုင်း ကျရောက်စဉ်က ရေတပ် အထိနာသွားသဖြင့် ရေတပ်ဦးစီးချုပ်ကို ဟန်ပြ အပြစ်ပေးသည့် သဘောမျိုး ဖြစ်နိုင်သည်ဟုလည်း သူက တွက်ဆသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ရန်ကုန်မြစ်ဝနှင့် ဟိုင်းကြီးကျွန်း အနီးတွင် တပ်ချထားသော ရေတပ် အထိနာခဲ့သည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည်။

ထိုင်းနိုင်ငံရှိ စစ်ဘက်ရေးရာ ကျွမ်းကျင်သူ ဦးဝင်းမင်းက “ဗိုလ်ချုပ်မောင်အေး ယောက်ဖ ရာထူးတခု ပြုတ်သွားတာတော့ ထူးခြားတယ်” ဟု ပြောသည်။ စစ်အစိုးရ အဖွဲ့အတွင်း ဗိုလ်ချုပ်မောင်အေး၏ အာဏာကျနေသည့် သဘော ဖြစ်သည်ဟု သူက သုံးသပ်သည်။

လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဖြစ်လာသူ ဗိုလ်ချုပ် စောလွင်နှင့် ဗိုလ်ချုပ် မောင်မောင်ဆွေတို့ ၂ ဦးသည် ယခင်က မြောက်ပိုင်းတိုင်း တိုင်းမှူး လုပ်ခဲ့သူများ ဖြစ်သည်။

လဝက အကြီးအကဲသစ် ဗိုလ်ချုပ်စောလွင်သည် တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ် ပြင်းထန်သူ ဖြစ်သည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

“စောလွင်က တော်တော်ဆိုးတဲ့ လူပဲ။ (၂ဝဝဝ ဝန်းကျင်က) မြောက်ပိုင်းတိုင်းမှူး ဖြစ်ဖူးတယ်။ တရုတ်နဲ့ မတည့်လို့ ရွှေ့လိုက်တယ်။ တရုတ် ဆန့်ကျင်ရေး တော်တော် ပြင်းတယ်။ တရုတ်တွေက ကန့်ကွက်တယ်။ ရွှေ့ပစ်လိုက်တယ်” ဟု ပြောသည်။ From Mizima,

0 Comments: