Saturday, June 7, 2008

တိဘက် လွတ်မြောက်ရေး လှုပ်ရှားမှု

7th June
၁၉၇၉ မှာ ဆိုဗီယက်ပြည်ထောင်စုရဲ့တင့်ကားတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေက အာဖဂန်နစ္စတန်ကို ကျူးကျော်သိမ်းပိုက်လိုက်တော့ ၁၉၈၀ ဆိုဗီယက်ပြည်ထောင်စုမှာကျင်းပတဲ့ အိုလံပစ်ပွဲတော်ကို အမေရိကန်ပြည်ထောင်စုရဲ့သမ္မတ ဂျင်မီကာတာက သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။

၂၀၀၁ ခုနှစ် အမေရိကန်အနောက်ခြမ်း၊ ဆီရဲ့တယ်မြို့မှာ ကျင်းပတဲ့ကမ္ဘာ့ကုန်သွယ်ရေး ညီလာခံမှာ တရုတ်ပြည်ကို WTO ထဲကို ဝင်ခွင့်မပေးဖို့ ချီတက်တောင်းဆိုဆန္ဒပြပွဲတွေ၊ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေနဲ့ ဆန္ဒပြသူတွေကြားက ရိုက်ပွဲတွေကို ကြည့်ခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စုဟာ တရုတ်ပြည်ကို WTO (World Trade Organization) ထဲကို ဝင်ခွင့်ပေးတော့မယ်ဆိုတာ သိနေကြတယ်။ ကျနော်တို့ နယူးယောက်အထက်ပိုင်းဒေသ တက္ကသိုလ်တွေမှာ ပီကင်းအိုလံပစ်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ လုပ်ချင်လားလို့ မြန်မာ့အရေးနဲ့ တိဘက်အရေးကို ထောက်ခံကူညီနေတဲ့ ကျောင်းသားတွေ ကမေးလာတယ်။

ကျနော်က “ပီကင်းအိုလံပစ်ပွဲကို စီးပွားရေးလုပ်ပိုင်ခွင့်ရထားတဲ့ ကုမ္မဏီတွေကို စာရင်းလုပ်ကွာ၊ အဲဒီ ကောင်တွေကိုပါ ဖော်ထုတ်ဆန့်ကျင်ပစ်လိုက်၊ ပြီးရင် အမေရိကန် သမ္မတ ဂျော့ဘုရှ်ကိုလည်း စာရေး။ ဘာဖြစ်လို့ ၂၀၀၁ ခုနှစ် WTO အစည်းအဝေးမှာ တရုတ်ကို အဖွဲ့အဝင်အဖြစ်ဝင်ခွင့်ရဖို့ လက်မှတ် ထိုးပေးခဲ့တာလဲ” လို့။

ချိုင်းနားအနာလော်ဂျီ
ပီကင်းရီဗျူး (Bejin Review) အပတ်စဉ်စာစောင် ကိုကျနော်တို့ ပုံမှန်ဖတ်ဖြစ်ခဲ့တယ်။ အဓိက ရည်ရွယ်ချက်က တရုတ်နိုင်ငံ နဲ့ အနောက်အုပ်စုရဲ့ခြေလှမ်းတွေ၊ ကုန်သွယ်မှုတွေ၊ ရှန်ဟိုင်းနဲ့ ပီကင်းက မတူတဲ့ တရုတ်နိုင်ငံရေးသမားတွေ၊ ပညာတတ်တွေရဲ့ အယူအဆတွေကို သိချင်လို့ပါ။ ဖတ်ဖြစ်တော့လဲ ဒေါသဖြစ်ခဲ့ရတယ်။
ဒီမိုကရေစီရေးကို ထောက်ခံတယ်ပြောနေတဲ့ နိုင်ငံတွေကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုကို ဆက်တိုက်လုပ်နေတဲ့ တရုတ်ပြည်ရဲ့ ကျယ်ပြန့်တဲ့ ဈေးကွက်တွေကို မျက်စပစ်နေကြသလို၊ တရုတ် ကွန်မြူနစ်ခေါင်းဆောင်တွေကလည်း “ဇိမ်ခံနေတာကို ရှက်ပါ၊ တိုင်းပြည်အတွက်အလုပ်လုပ်ပါ” လို့သာ အော်ဟစ်နေတာ သူတို့ရဲ့သားသမီးတွေကို အမေရိက-က တက္ကသိုလ်တွေဆီပို့ပြီး အနာဂတ်အတွက် ပြင်ဆင်နေကြတာမို့လား။ တိန့်ရှောင်ဖိန်သားအကြီးက ကျနော်တို့ရောက်နေတဲ့ နယူးယောက်အထက် ပိုင်းဒေသရှိ ရိုချက်စတာတက္ကသိုလ်က ရူပဗေဒနဲ့ ဒေါက်တာဘွဲ့ ယူသွားသလို၊ ကျန်စီမင်းနဲ့ ပတ်သက်တဲ့ သွေးရင်းဆွေမျိုးတွေကလည်း ရေးတက္ကသိုလ် တွေဆီကို ပို့ခဲ့တယ်မို့လား။ ကျနော့် သူငယ်ချင်းတွေက တော့ တခါတလေ ပီကင်းရီဗျူး စာစောင်ကို ဖတ်ပြီးဟာသလုပ်လေ့ရှိတယ်။ “သူတို့က တနိုင်ငံနဲ့ တနိုင်ငံ စီးပွားရေးလုပ်ကြတယ်-ဆိုတာ သူများပြည်တွင်းရေးကို စွက်ဖက်တာ မဟုတ်ဘူး၊ တယောက်နဲ့တယောက် အကျိုးစီးပွားကို ကူညီကြတာနေမှာပါ” တဲ့။
ကျနော်က တရုတ်ပြည် အတိတ်သမိုင်းနဲ့ ဆင်တူမျိုးကွဲဖြစ်စဉ် “China Analogy” ဆိုတဲ့ အဖြစ်အပျက် လေးတခုကို ပြောပြကြည့်တယ်။ ၁၉၅၆ တုံးက ဟန်ဂေရီမှာ တော်လှန်ရေးဖြစ်တော့ ဆိုဗီယက် ခေါင်းဆောင်ဖြစ်တဲ့ ခရူးရှက်က ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာာ အကျပ်ရိုက်နေတုံး၊ စဉ်းစားနေတုံးမှာ တရုတ်ပြည်က ဥက္ကဋ္ဌကြီးမော်စီတုံးက “အရင်းရှင်တွေ သွေးထိုးပေးတဲ့ အယူအဆတွေကို ချေမှုန်းပစ် တော့” လို့ တိုက်တွန်းလိုက်တယ်။
ခရူးရှက်နဲ့ ဘရက်စညက်တို့လည်း လက်သံပြောင်စွာ ချေမှုန်းခဲ့တယ်။ (စစ်အေးတိုက်ပွဲ ကာလတုံးက မှတ်တမ်းတွေ၊ ခေါင်းဆောင်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ အင်တာဗျူးထားတဲ့ဟာတွေ၊ ဝန်ခံချက်တွေ တက္ကသိုလ် ကျောင်း စာကြည့်တိုက်တွေမှာ ရှိပါတယ်။) ၁၉၆၈ မှာ ဆိုဗီယက်ခေါင်းဆောင် ဘရက်စညက် က ချက်ကိုစလိုဗက်ကီးယားရဲ့ ပါရာဂွေးနွေဦး လှုပ်ရှားမှုကို ချေမှုန်းပြီး၊ ဆိုဗီယက်တပ်တွေ ချက်ကိုစလို ဗက်ကီးယားကို ကျူးကျော်ခဲ့ကြတယ်။
သိပ်မကြာဘူး။ တရုတ်ပြည်ထဲမှာ ပါရာဂွေးနွဦးလှုပ်ရှားမှုလိုဖြစ်မှာကိုကြောက်တဲ့ “မော်” က ယဉ်ကျေးမှု တော်လှန်ရေးကို စတင်ပြီး၊ ပြန်လည်ပြင်ဆင်ရေးသမားတွေလို့ ထင်တဲ့သူတွေကို ချေမှုန်းဖို့အတွက် လက်ဦးမှုယူတဲ့အစီအစဉ်တွေကို ပြုလုပ်ခဲ့တယ်။ ခုလည်းအဲဒီလို သမိုင်းလို ဖြစ်ရပ်တွေကပြန်လာပါတယ်။
ဗမာပြည်မှာ ၂၀၀၇ ခုနှစ်၊ ရဟန်းတော်တွေ ဦးဆောင်တဲ့လှုပ်ရှားမှုတခုဖြစ်တော့ တရုတ်အာဏာပိုင်တွေ က ဗမာအစိုးရကို တိုင်းပြည်တည်ငြိမ်မှုရအောင်လုပ်တော့လို့ တဘက်လှည့်နဲ့ ချေမှုန်းခိုင်းတယ်။ နောက် တိုင်းပြည်တွင်းမှာ တိဘက်အရေးတော်ပုံကို အင်အားသုံး နှိပ်ကွပ်ဖြေရှင်းတယ်။ (ဗမာပြည်က ရှစ်လေးလုံး အရေးတော်ပုံနဲ့ တီယန်မင်ရင်ပြင် ကျောင်းသားလှုပ်ရှားမှုတုံးကလည်း ဒီလိုပဲ တူညီမှုတွေ ဆက်စပ်နေ တယ်) တရုတ်သမိုင်းရဲ့ တုန့်ပြန်မှုဖြစ်ရပ်တူတွေကို China Analogy လို့ခေါ်ကြတယ်။ တခုတော့ရှိတယ်။ ဥက္ကဋ္ဌကြီးမော်လက်ထက်တုံးက တရုတ်နိုင်ငံရဲ့ မီဒီယာတွေမှာ နေဝင်းအစိုးရကို ဆန့်ကျင်ရှုံ့ချနေတဲ့ အသံတွေပြည့်နှက်နေခဲ့တယ်။
စစ်အာဏာသိမ်းအစိုးရကို တရုတ်နိုင်ငံကလက်မခံခဲ့ပေမဲ့၊ နောက်မျိုးဆက်တွေလက်ထက်မှာ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေက ပြောင်းလဲသွားခဲ့တယ်။ ကူညီခဲ့ဖူးတဲ့လူတွေကို ကျေးဇူးတင်သလို၊ အိမ်နီးချင်း ကောင်း မပီသလွန်းတဲ့ တရုတ်နိုင်ငံရဲ့ လက်ရှိခေါင်းဆောင်တွေကို သမိုင်းက တချိန်မှာ အကျည်းတန်စွာ ဒဏ်ခတ်ပါလိမ့်မယ်။
တကယ်တော့ တရုတ်နိုင်ငံက သူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဘူး-ပြောတာ ရယ်စရာကောင်းပါတယ်။
အပိုင်း(၂)
တိဘက်အရေးတော်ပုံဖြစ်တော့ ကနေဒါ နိုင်ငံမှာ တရုတ်အစိုးရကို ထောက်ခံသူတွေ လူ (၄၀၀) က “တဘက်သတ်ဝါဒဖြန့်မှုတွေကိုမယုံနဲ့၊ တိဘက်ဟာ တရုတ်ပြည်ရဲ့ အမြဲ ပိုင်ဆိုင်တဲ့ နယ်မြေဖြစ်တယ်” လို့ ဆိုကြသလို၊ တိဘက်တွေကလည်း တရုတ်ရဲ့ ကျူးကျော်မှုကို ရှုတ်ချပြီး လွတ်မြောက်ရေးအတွက် ပြင်ဆင်ကြတယ်။ လှုပ်ရှားကြတယ်။ သေချာတာ တခုတော့ရှိတယ်။ တရုတ်အစိုးရရဲ့ အင်အားသုံး ချေမှုန်းတဲ့၊ ရိုင်းစိုင်းတဲ့ တုန့်ပြန်မှုတွေကို ဘယ်သူကမှ လက်မခံကြဘူး၊ ဒါပေမဲ့ တိဘက်အရေး လှုပ်ရှားနေသူတွေဘက်ကလည်း သမိုင်းကို ချက်အလက်ပိုင်ပိုင်နိုင်နိုင်ပြောသင့်တယ်။
ကျနော်တို့က တိဘက်ပြည်သူတွေရဲ့လှုပ်ရှားမှုကိုထောက်ခံတယ်။ တရုတ်အစိုးရရဲ့ လက်လွတ်စပယ် ဖြေရှင်းမှုကို ခါးခါးသီးသီးဆန့်ကျင်တယ်။ (၁၇) ရာစု ချင်-မင်းဆက် (Qing Dynasty) က အကြောင်းကို မိတ်ဆက်ပေးချင်တယ်။ ၁၉၁၁ ခုတုံးက တိဘက်လူမျိုးတွေရဲ့ လွတ်လပ်ရေးကြေငြာမှုအပေါ် ပျက်ကွက်ခဲ့တဲ့ အနောက်အုပ်စု အပါအဝင် နိုင်ငံအားလုံးကို ပြန်ပြီးမေးခွန်းတခုမေးချင်တယ်။ “၂၀ ရာစု အဝင်မှာ ကိုလိုနီနိုင်ငံတွေ လွတ်မြောက်ဖို့ ခင်ဗျားတို့ ခေါင်းခါခဲ့တဲ့ ခုနှစ်တွေ ခုတော့ သွေးချောင်းစီးနေပြီ ပေါ့” လို့။

ဥပေက္ခာပြုခံရတဲ့ နိုင်ငံ (သို့မဟုတ်) တိဘက်
ဘီစီ (၄၀၀၀) မှာ တရုတ်မျိုးနွယ်စုတွေ နဲ့ တိဘက်-ဗမာ မူလပထမမျိုးနွယ်စုတွေ (Proto-Tibeto-Burman) ရဲ့ဘာသာဗေဒတွေ စတင်ကွဲလာခဲ့တယ်လို့ သမိုင်းပညာရှင်တွေက ယူဆကြတယ်။ တရုတ်မျိုးနွယ်တွေ မြစ်ဝါချိုင့်ဝှမ်းတလျှောက် တဖြည်းဖြည်းကြီးထွားလာပြီး အခြေချဖို့ ကြိုးစားးနေချိန်မှာ တိဘက်-ဗမာမျိုးနွယ်စုတွေက ရေကြည်ရာမြက်နုရှာ အရပ်လေးမျက်နှာ လျောက်သွားလှည့်လည် နေထိုင်ခဲ့ကြတယ်။ အေဒီ (၅၀၀) မှာ တိဘက်မျိုးနွယ်တွေ ဗမာမျိုးနွယ်တွေနဲ့ ကွဲထွက်သွားခဲ့တယ်။
တိဘက်ကုန်းမြင့်ဒေသဟာ အမြင့်ပေ (၁၆၀၀၀) မှာတည်ရှိနေတဲ့အတွက် “ကမ္ဘာရဲ့အမိုး” လို့ သမိုင်း ပညာရှင်တွေက ခေါ်ကြတယ်။ သူ့ပတ်ဝန်းကျင်မှာ ယန်စီ၊ မဲခေါင်၊ မြစ်ဝါ၊ သံလွင်၊ ဘရာမာပူထာ (တိဘက်ပြည်ထဲကို အဓိက စီးဆင်းတဲ့မြစ်) အပါအဝင် မြစ်ပေါင်း (၈) စင်းကျော်စီးဆင်းတယ်။ တချို့က အာရှတိုက် အလယ်ပိုင်းဒေသမှာ ပါတယ်-လို့ပြောကြသလို၊ တချို့အဖွဲ့အစည်းတွေက အာရှတိုက် တောင်ပိုင်းမှာ တည်ရှိတယ်လို့ဆွေးနွေးလေ့ရှိတယ်။
တိဘက်တွေရဲ့သမိုင်းကိုစပြောမယ်ဆိုရင် (၇) ရာစုက စတင်ပြောလိမ့်မယ်။ ဗိုလ်ချုပ် နမ်ရီ ဆွန်ဇန့် (Namri Songzen) က ပထမဆုံးတိဘက်ကို စုစည်းတည်ထောင်သူ ဖြစ်ခဲ့သလို၊ သူ့ရဲ့သားတော် ဂမ်ပို (Sangtsan Gampo) က ယာလန်မြစ်ဝှမ်းတလျှောက် အေဒီ (၆၀၄-၆၄၉) မှာ ဘုရင်အဖြစ် အုပ်ချုပ်ခဲ့ တယ်။ သူက အင်အားကြီးမားလွန်းတဲ့ တရုတ်အင်ပါယာ တိုင်ဇောင်းရဲ့တူမ အိမ်ရှေ့မင်းသမီး ဝန့်ချန်း-နဲ့ လက်ထပ်ခဲ့တယ်။ တိဘက်အင်ပါယာဟာ (၈) ရာစုလောက်ကတည်းက အိန္ဒိယနိုင်ငံမြောက်ပိုင်းနဲ့ တရုတ် နိုင်ငံအရှေ့မြောက်ပိုင်း ဂန်ဆူးပြည်နယ်တွေအထိ သိမ်းပိုက်ကြီးစိုးနိုင်ခဲ့တယ်။ ဒါပေမဲ့ ကက်ရှ်မီးယားနဲ့ အာရှတိုက်အလယ်ပိုင်းကို ဆက်ဆံရေးချဲ့ထွင်ဖို့ ကြိုးစားတဲ့ တရုတ်စစ်သေနာပတိ ဂါအိုရှင်းယန်စီ လက်ထက်မှာတော့ တိဘက်ပိုင်တဲ့ အာရှတိုက်အလယ်ပိုင်း တော်တော်များများ ဆုံးရှုံးခဲ့ရတယ်။ (၈) ရာစု ကုန်ခါနီးမှာ တိဘက်တွေ အန်ရှင်းပုန်ကန်မှုကို အကြောင်းပြုပြီး တရုတ်နိုင်ငံမြို့တော် ချန်အန်းထိ ဝင်တက် သိမ်းကြတယ်။
ဒါပေမဲ့ သိပ်မကြာဘူး၊ တရုတ်တပ်မဟာတွေက ဝင်တိုက်တာကြောင့်ဆုတ်ခွာခဲ့ရတယ်။ (၉) ရာစုမှာ တရုတ်နဲ့ တိဘက် နှစ်နိုင်ငံငြိမ်းချမ်းရေးစာချုပ် ချုပ်တယ်။ အခုနာမည်ကြီးနေတဲ့ တိဘက်မြို့တော် လာဆာ (Lhasa) မြို့ထဲက ဂျော့ဟန်ဘုရားကျောင်းရှေ့မှာရှိတဲ့ ကျောက်တုံးတတုံးပေါ်မှာ တိဘက်နဲ့ တရုတ် သဘောတူတဲ့ အရာတွေ၊ နယ်နမိတ်မျဉ်းတွေကို ရေးဆွဲခဲ့ကြတယ်။ တိဘက်တွေ (၉) ရာစုအလယ်ထိ အာရှတိုက်အလယ်ပိုင်းကို လွမ်းမိုးထားခဲ့တယ်။
မွန်ဂိုနဲ့ ယွန်မင်းဆက်ကျူးကျော်မှုများ
၁၃ ရာစုမှာ တိဘက်ဒေသဟာ မွန်ဂိုတွေနဲ့ ယွန်မင်းဆက်တွေအတွက် အာရုံစိုက်စရာ နယ်မြေတွေ ဖြစ်ခဲ့ တယ်။ မွန်ဂိုတွေထဲက ကူဗလိုင်ခန် ရဲ့မျိုးနွယ်တွေ ဆက်နွယ် ပါဝင်ခဲ့တယ်။ ၁၆ ရာစုထိ ယွန်မင်းဆက် အောက်မှာ ရှိနေခဲ့ပြီး (၁၇) ရာစုအစမှာ အာလ်တာခန် (Alta Khan) ကနေ ဆွန်နမ် ဂျပ်ဆို (Sonam Gyatso) ကို “ဒလိုင်းလားမား” အဖြစ် စတင်အပ်နှင်းအမည်ပေးခဲ့တယ်။ “ဆွန်နမ် ဂျပ်ဆို” ဆိုတဲ့ ဘုန်းတော်ကြီးက ဂယ်လပ်ခ်ပတ်ကျောင်း (တိဘက်ဗုဒ္ဓဘာသာကျောင်း) က ဘုန်းကြီးဖြစ်တယ်။ (၁၇) ရာစုအစမှာ ဒလိုင်းလားမား (၄) ဆက်လက်ဆက်ခံခဲ့သလို ရာစုနှစ်ကုန်ခါနီးမှာ ဒလိုင်းလားမား (၆) ထိဆက်ခံခဲ့တယ်။
(၁၇) ရာစု အစမှာကတည်းက ပေါ်တူဂီတွေ တိဘက်နယ်မြေကို ၀င်ရောက်လာပြီး ချင် မင်းဆက် ဘုရင်တွေ တိဘက်နယ်မြေမှာ တခုပြီးတခုပြောင်းခဲ့တယ်။ (၂၀) ရာစုရောက်လာတဲ့ အချိန်မှာတော့ ဗြိတိသျှ အင်ပါယာနဲ့ ရုရှားအင်ပါယာတို့ရဲ့ နယ်ချဲ့မှုဟာ အာရှတိုက်အလယ်ပိုင်းကို အပြိုင်ရောက်လာပြီး တိဘက်ဟာ သူတို့အတွက် အကြီးမားဆုံးဆုတခု ဖြစ်လာတယ်။ ၁၉၁၁ အောက်တိုဘာ (၁) ရက်နေ့မှာ ကွင့် (ဂ်) မင်းဆက် ပြုတ်ကျခဲ့တယ်။
တိဘက်က လွတ်လပ်ရေးကြေငြာတယ်။ ၁၉၁၂ မှာ တရုတ်အစိုးရက လာဆာ-ကို ကိုယ်စားလှယ်အသစ် ပို့ဖို့ကြိုးစားနေတုံးမှာ တိဘက်တပ်တွေက မြို့ကိုထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် တရုတ်တပ်စုတွေ လက်နက်ချရတယ်။ ဒလိုင်းလာဒမား (၁၃) ထိဆက် လက်ဆက်ခံခဲ့ပေမဲ့ ဗြိတိန်အပါအဝင် ဘယ်နိုင်ငံကမှ လွတ်လပ်ရေးကို အသိအမှတ် မပြုခဲ့ဘူး။ ၁၉၁၄ မှာ ဗြိတိန်၊ တရုတ်နဲ့ တိဘက် (၃) နိုင်ငံ အိန္ဒိယမှာ ဆင်းမလား (Simla) စာချုပ် ချုပ်ဆိုတယ်။ ဗြိတိန်က တိဘက်ကို အပြင်ဘက်ဒေသနဲ့ အတွင်းဒေသအဖြစ် နှစ်ပိုင်းခွဲဖို့ ကြိုးစားခဲ့တယ်။ ဇာတ်လမ်း စရှုပ်တော့တာပါပဲ။
အပိုင်း(၃)
တရုတ်အမျိုးသားရေးလှုပ်ရှားမှုနဲ့ တိဘက်အနာဂတ်
“ချင် မင်းဆက်( Qing Dynasty) ကို ဖြုတ်ချပြီးတဲ့နောက် လူတွေကပြောကြတယ်။ ကျနော်တို့ အမျိုး သားရေးစိတ်ဓာတ်တွေ မလိုတော့ဘူး-တဲ့။ ဒီလိုအယူအဆဟာ အင်မတန်မှားယွင်းပါတယ်။ ကျနော်တို့ အခုပြောနေတာက ဟန်၊ မန်ချူး၊ တိဘက်၊ မွန်ဂို၊ ဟူရီ(အီ) လူမျိုးစုတွေပါတဲ့၊ “လူမျိုးစု (၅) မျိုးရဲ့ နိုင်ငံတော်” ဖြစ်ဖို့ ပြောနေတာ။ ကျနော့ရပ်တည်ချက်ကတော့ ကျနော်တို့လူမျိုးစုတွေ တစုနဲ့တစု ပူးပေါင်း လုပ်ကိုင်ကြမယ်။ ယဉ်ကျေးတိုးတက်တဲ့ တရုတ်နိုင်ငံတော်တခုကို တည်ဆောက်ကြမယ်။ ခေတ်မီ တိုးတက်တဲ့ တရုတ်နိုင်ငံတော် တခုတည်းဖြစ်သွားပြီဆိုရင်တော့ ကျနော်တို့ “အမျိုးသားရေးစိတ်ဓာတ်” ဆိုတဲ့ဝေါဟာရ ရှိစရာမလိုတော့ဘူးပေါ့”။ ချင်မင်းဆက် ကျဆုံးသွားပြီးတဲ့နောက် မန်ချူးတွေကို ပြင်ပက ကျူးကျော်သူတွေ-လို့သတ်မှတ်ခဲ့ပေမဲ့ တရုတ်အမျိုးသားခေါင်းဆောင် ဆွန်ယက်ဆင်က နိုင်ငံတော်အလံတခုအောက်က လူမျိုးစု (၅) စု ဆိုတဲ့ အယူအဆကို ဆက်လက်တင်သွင်းခဲ့တယ်။ သမိုင်းကို လေ့လာကြည့်ရင်၊ ၁၉၁၂ ခုမှာ ဒီအယူအဆကို စတင်ခဲ့သူဟာ ကွင့်(ဂ်) မင်းဆက်အပြီး တရုတ်သမ္မတနိုင်ငံကို စတင်တည်ထောင်ခဲ့သူ ယွန်ရှီခိုင် (Yuan Shikai) ဖြစ်တယ်။ ဆွန်ယက်ဆင်ကတော့ တရုတ်ပြည်ကို ဂျာမဏီနဲ့ ဂျပန် အင်ပါယာလို တည်ဆောက်ဖို့ စိတ်ကူးထားပုံရပါတယ်။
၁၈၈၄ မှာ Xinjiang (ဆင်ကီးယန်း) ပြည်နယ်သစ်ကို ကွင်(ဂ်)မင်းဆက်လက်ထက်မှာ စတည် ထောင်လိုက်က တည်းက၊ အဲဒီနယ်မြေတွေမှာ အနောက်တိုင်းအယူအဆတွေကို တင်သွင်းဖို့ ကြိုးစား လာလိုက်ကတည်းက တိဘက်နဲ့ မွန်ဂိုလူမျိုးစုတွေအတွက် နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာပြဿနာတွေက ရှုပ်ထွေးလာခဲ့တယ်။ ၁၉၁၁ မှာ တိဘက်လူမျိုးစုတွေက ချင်မင်းဆက် ပြုတ်ကျသွားပြီးတဲ့နောက်၊ တရုတ် တွေရဲ့ သိမ်းပိုက်မှုအောက်ကနေ လွတ်လပ်ရေး ကြေငြာခဲ့တယ်။ ပြဿနာက အရင်တုံးက ကိုလိုနီလုပ်ခဲ့ တဲ့ ဗြိတိန်အပါအဝင် လွတ်လပ်တဲ့နိုင်ငံတွေအားလုံး၊ ဘယ်သူကမှ တိဘက်လွတ်လပ်ရေးကို အသိအမှတ် မပြုခဲ့ကြဘူး။ (၁၉၄၅ မှာ အမေရိကန်ပြည်ထောင်စုက တိဘက်ဟာ တရုတ်နိုင်ငံရဲ့ နယ်မြေတခုအဖြစ် သတ်မှတ်ထားခဲ့တယ်။) ဒီလိုနဲ့ “တိဘက်” ဟာ တရားမဝင် လွတ်လပ်တဲ့နိုင်ငံ (De facto government) အဖြစ် တရုတ်ပြည်တွင်းစစ် ကာလတလျှောက် တည်ရှိနေခဲ့တယ်။

ငြိမ်းချမ်းစွာလွတ်မြောက်မှု့ (သို့) သဘောတူညီမှု (၁၇) ချက်
၁၉၄၉ အောက်တိုဘာ (၁) ရက်နေ့မှာ တရုတ်ကွန်မြူနစ်တွေ တရုတ်ပြည်သူ့သမ္မတ နိုင်ငံတော် အစိုးရဖွဲ့ပြီး နောက်တနှစ်မှာ ပြင်ဆင်မှုလုပ်မထားနိုင်တဲ့ တိဘက်နိုင်ငံ ချမ်ဒို (Chamdo) မြို့ကို စစ် အင်အား လေးသောင်းကျော်နဲ့ ဝင်တိုက်တယ်။ တိဘက်ရဲ့ စစ်အင်အားက (၅၀၀၀) လောက်ပဲရှိတာ-ဆိုတော့ တိဘက်ဒေသဆိုင်ရာအစိုးရက ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရတယ်။ တရုတ်တွေက ငြိမ်းချမ်းစွာ လွတ်မြောက်မှု-လို့ပြောပေမဲ့ တိဘက်တွေဘက်က တွက်ကြည့်ရင် နယ်ချဲ့တဲ့ လူမျိုးရေးသုတ်သင် ရှင်းလင်းမှု-လို့ ဆိုကြတယ်။
၁၉၅၁ မေ (၂၃) တရုတ်ပြည် ပီကင်းမြို့တော်မှာ တရုတ်နိုင်ငံ ဗဟိုအစိုးရနဲ့ တိဘက်ဒေသဆိုင်ရာ အာဏာပိုင်တွေအကြား သဘောတူညီမှု စာချုပ်တခု ချုပ်ဆိုခဲ့တယ်။ အချက် (၁၇) ချက်ပါတယ်။
အချက် (၁) မှာ တိဘက်ပြည်သူတွေဟာ မိခင်တရုတ်ပြည်မကြီးသို့ ပြန်လာသင့်တယ်။
အချက်(၂) မှာ တိဘက်တွေဟာ တရုတ်လွတ်မြောက်ရေးတပ်မတော်ကို ကူညီရမယ်-ဆိုတဲ့ အချက်တွေ ပါဝင်ခဲ့တယ်။ ကျန်တဲ့အချက်တွေက ဒလိုင်းလားမားနဲ့ ပန်ချီယန်လားမားရဲ့ အာဏာကို ကန့်သတ်ပေး ထားတဲ့ ဟာတွေ၊ တဘက်စစ်တပ်တွေဟာ တရုတ်ပြည်ကာကွယ်ရေးတပ်မတော်ရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားတာတွေပါတယ်။
ဒါပေမဲ့ အချက် (၇)၊ (၁၁) နဲ့ (၁၃) ကိုတော့ တရုတ်ကွန်မြူနစ်ပါတီဟာ ပြောင်ပြာင်တင်းတင်း ချိုးဖောက်ခဲ့တယ်။ ဒါ့ကြောင့် တိဘက်ဟာ တရုတ်ပြည်ရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ်-လို့ ပြောနေတဲ့ သူတွေကိုရင်ဆိုင်ဖို့ သမိုင်းဆိုင်ရာ အချက်အလက်ကို အဝေးကြီးမသွားချင်ရင်၊ တရုတ်နဲ့ချုပ်ဆိုတဲ့ အချက် (၁၇) ချက်သဘောတူညီမှုကို ကိုင်ပြီး ပြောသင့်တယ်။

စာချုပ်အရ-
အချက် (၇) မှာ ဘုန်းကြီးကျောင်းတွေရဲ့ဝင်ငွေတွေကို ဗဟိုအစိုးရဟာ အပြောင်းအလဲ မလုပ်ပါဘူး။ ဘာသာရေးကိုးကွယ်ယုံကြည်မှုဆိုင်ရာ မူဝါဒတွေကို အစိုးရက ကာကွယ်စောင့်ရှောက်ပါမယ်-လို့ ဆိုတယ်။ (စဉ်းစားစရာ တခုတော့ရှိတယ်၊ ဒီအချက်မှာ တရုတ်အစိုးရက “နိုင်ငံရေးအတိုင်ပင်ခံညီလာခံမှ ချမှတ်ထားသော မူဝါဒ” ဆိုတဲ့စကားလုံးကို သုံးထားတယ်။ ညီလာခံက ချမှတ်ထားတဲ့ ဘာသာရေး ယုံကြည် ကိုးကွယ်မှုရဲ့အတိုင်းအဆကန့်သတ်ချက်က ဘာလဲ။ အစကတည်းက တရုတ်ကွန်မြူနစ်တွေ လူလည်ကျထားတာလားတော့ မသိဘူး။)

အချက် (၁၁) မှာ တိဘက်လူမျိုးတွေနေထိုင်တဲ့ ဒေသမှာ ပြုပြင်ပြောင်းလဲရေး လုပ်ချင်တဲ့ အရာမှန်သမျှကို တရုတ်ဗဟိုအစိုးရက စွက်ဖက်မှုမလုပ်ပါဘူး။ တိဘက်ဒေသဆိုင်ရာအစိုးရဟာ စိတ်ကြိုက် ပြုပြင်ပြောင်းလဲ ရေး လုပ်လို့ရတယ် လို့ဆိုတယ်။
အချက် (၁၃) မှာ တရုတ်အစိုးရဟာ တိဘက်နယ်မြေမှာ တရားမျှတတဲ့ ကုန်သွယ်ဖောက်ကားမှုကို လုပ်ပါမယ်။ ပြည်သူတွေဆီက အပ်တချောင်း၊ ချည်မျှည်တကြိုးမျှ မယူပါဘူး-လို့ ဆိုထားတယ်။
ဒါပေမဲ့ တရုတ်အစိုးရဟာ တိဘက်တွေက ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကြိုးစားတိုင်း ဘုန်းကြီးကျောင်း တွေကို ဝင်ဖျက်ဆီး၊ ကျောင်းပိုင်ငွေတွေကို သက်ဆိုင်ရာ တရုတ်ရဲတွေက တိတ်တဆိတ် သိမ်းယူ၊ ဘုန်းတော်ကြီးတွေကို ဖမ်းဆီးနှိပ်စက်၊ တပြိုင်နက်တည်း တိဘက်ဒေသထဲ ဟန်လူမျိုးတရုတ်တွေကို အလုံးအရင်းနဲ့ အခြေချခိုင်းပြီး စီးပွားရေးလုပ်ငန်းတွေကို ဦးစီးခိုင်းကာ တိဘက်နယ်မြေကို စီးပွားရေးအရ
နောက်ထပ်တခါ ကြီးစိုးဖို့လုပ်တယ်။ ဆိုင်တွေကိုမီးရှို့တယ်။ လုယက်နေကြတယ်-လို့ ပြောနေသံကို “မင်းတို့ ငါတို့နယ်မြေကို စီးပွားရေးအရကျူးကျော်နေတော့ ငါတို့လုပ်ရမှာပဲ” တဲ့..။ ကျနော်.. အဝေးက မန္တလေးကို သတိရနေမိတော့...
ဒါ့ကြောင့် တိဘက်အကြောင်းကိုငြင်းရင် ဒီအချက်တွေကိုထောက်ပြသင့်တယ်။ တရုတ်က လူလည်ကျ ပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့ အရာတွေကိုပါ။ သမိုင်းတွေ အဝေးကြီးကို ပြန်သွားချင်လည်း ရပါ တယ်။ ဒါပေမဲ့ ဒလိုင်းလားမားက ဘာပြောနေသလဲ၊ နိုင်ငံခြားရောက်နေတဲ့ တိဘက်တွေ၊ လွတ်လပ်ရေး တောင်းနေတဲ့သူတွေရဲ့ အသံတွေက ဘာလဲ၊ သေချာတာတခုတော့ ရှိတယ်။ ဒလိုင်းလားမား ပြောနေတဲ့ “တိဘက်ကို တရုတ်လက်အောက်ကနေ လွတ်လပ်ရေးမတောင်းဆိုချင်ပါဘူး၊ ဘာသာရေး၊ ယဉ်ကျေးမှု အရ လွတ်လပ်ချင်တာ တခုပါပဲ” လို့ပြောနေတဲ့ စကားတွေကို တိဘက်အရေး လှုပ်ရှားသူတွေအတွက် စိတ်မသက်မသာဖြစ်ခဲ့ရတယ်။ Free Tibet လို့ကြွေးကြော်ချင်ရင် ဒလိုင်းလားမားကို မကိုးကွယ်မှ ဖြစ်မယ် ဆိုတဲ့ တိဘက်ကျောင်းသား တယောက်ရဲ့ခံစားချက်ကို ကျနော်စိတ်မကောင်းစွာကြားခဲ့ရတယ်။
Mandalay Spring blog (မန္တလေးနွေဦး) မှ “အောင်မိုးဝင်း” ဆောင်းပါးဖြစ်ပါသည်။

0 Comments: