Saturday, June 7, 2008

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

7th June
အစပထမမှာ ၂၄၃၊ နောက်တော့ ၃၅၁၊ အဲဒီနောက်မှာတော့ ဗမာပြည်အစိုးရထုတ်ပြန်တဲ့ ဆိုင်ကလုံး နာဂစ်ကြောင့် သေဆုံးရတဲ့ လူဦးရေတရားဝင် စာရင်ဟာ တစထက်တစ တရိပ်ရိပ်တက်လာပါ တော့တယ်။ ရာဂဏန်းကနေ ထောင်ဂဏန်း၊ အဲဒီကတဆင့် သောင်းဂဏန်း-စတဲ့ သေဆုံး လူဦးရေကိန်း ဂဏန်းဟာ တနေ့ထက်တနေ့ ကြီးမားလာပြီး ဆိုင်ကလုံးအလွန် သုံးပတ်တာကာလ အတွင်းမှာ သေဆုံးသူ ၇၇,၇၃၈-ပျောက် ဆုံး ၅၅,၉၁၇ နဲ့ ဒဏ်ရာရသူ ၁၉,၃၅၉ ဆိုပြီး အစိုးရက ကြေငြာခဲ့တယ်။
ဗမာပြည်တွင်းမှာရှိတဲ့ နိုင်ငံခြား ကယ်ဆယ်ရေးဌာနတွေက ကျွမ်းကျင်သူတွေကတော့ သေဆုံးသူ ဦးရေဟာ သိန်းဂဏန်းအထက်မှာ ရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ အဲဒီသေဆုံးသူ ကိန်းဂဏန်း မှာ မေလ ၃-ရက်နေ့က ဆိုင်ကလုံးဒဏ်ကြောင့် သေဆုံးရသူ ဘယ်နှယောက်ရှိပြီး ကယ်ဆယ်ရေးအကူ အညီတွေ တားဆီးပိတ်ပင်ခံရလို့ ကျန်ရစ်တဲ့သူတွေထဲက မသေသင့်ဘဲ သေကြရသူတွေ ဘယ်နှယောက် ရှိနေမလဲ-ဆိုတာကိုတော့ အတိအကျ မသိနိုင်ခဲ့ပါဘူး။ ဆိုင်ကလုံးဒဏ်ကြောင့် ရေကြီးရေလွှမ်းခံရလို့ အသက်မဆုံးရတဲ့ အမြင်တိမ်တဲ့ လူတစုကြောင့် ရေတိမ်မှာ နစ်ခဲ့ရသူတွေ ဘယ်လောက်များ ရှိနေဦးမှာပါ လဲ။

၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆-ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ဆူနာမီကြောင့် နိုင်ငံပေါင်း ၁၁-နိုင်ငံက လူပေါင်း ၂၂၅၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရတယ်။ နှိုင်းယှဉ်ကြည့်လိုက်ရင် ၂၀၀၈-ခုနှစ် မေလ ၃-ရက်နေ့ ဗမာပြည်က ဆိုင်ကလုံးနာဂစ် ဒဏ်ဟာ အိန္ဒိယသမုဒ္ဒရာမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီဘေး ဒဏ်ထက် ပိုပြီး ဆိုးရွားပျက်စီးစေတယ်ဆိုတာ သိသာထင်ရှားပါတယ်။

ဗမာနိုင်ငံထဲမှာ ဖြစ်ပျက်ခဲ့တဲ့ နာဂစ်ဆိုင်ကလုံကြောင့် သေဆုံးရတဲ့ လူဦးရေဟာ နိုင်ငံပေါင်း ၁၁ နိုင်ငံက ဆူနာမီကြောင့် သေဆုံးရတဲ့ လူဦးရေရဲ့ ထက်ဝက်ကို ရောက်ရှိလာတာ “ဘာ့ကြောင့်လဲ” ဆိုတဲ့ မေးခွန်းကို မေးစရာလိုလာပါတယ်။
သူငယ်ချင်းတယောက်ကတော. “သေတဲ့သူတွေက ကံကောင်းလို့ သေသွားကြရတာ..” တဲ့။
အသက်မသေဘဲ ကျန်ရစ်ခဲ့တဲ့ ဆိုင်ကလုံး ဒုက္ခသည်တွေမှာတော့ ချစ်သူခင်သူ မိဘ သားသမီး ဆွေမျိုးတွေကို ဆုံးရှုံးလိုက်ရရုံတင် မကပါဘူး။ ဒုက္ခသည်ပေါင်း ၂-သန်းခွဲကျော်ဟာ သူတို့ ပိုင်ဆိုင်တာ တွေမဆိုထားနဲ့ အသက်ဆက်နိုင်ဖို့အတွက် ဘာဆို ဘာမှ မကျန်တော့ပါဘူး။ သောက်စရာ ရေမရှိ၊ စား စရာ အစာမရှိ၊ နေစရာ နေရာမရှိ၊ သွားစရာ မြေမရှိနဲ့ ကူညီမဲ့သူ ဝေလာဝေးဖြစ်ကြရပါတယ်။ ဆားငံရေ တွေ လွှမ်းနေတဲ့ လယ်ကွင်းတွေနဲ့ ရွှံ့ဗွက်တွေ လွှမ်းနေတဲ့ အပျက်အစီး ပုံတွေကြားမှာ သူတို့ အခြေအနေ ဟာ ဘယ်လောက်များ မျှော်လင့်ချက်ကင်းမဲ့ပြီး ဆိုးရွားနေလိုက်မလဲ။ ဘေးပတ်လည်မှာ ဟိုနားတလောင်း ဒီနားတလောင်း.. ပြန့်ကျဲလို့ ပုပ်ပွနေတဲ့ လူသေအလောင်းတွေကြားမှာ သူတို့ ဘ၀တွေဟာ ဘာမှ ကုန်းကောက်စရာ မရှိလောက်အောင် ကြေမွ ပျက်စီးနေပါပြီ။
မြို့ကြီးတွေမှာ နေကြတဲ့သူတွေမှာ တရက်တာလောက် ရေမလာ မီးမလာ လက်ကိုင်ဖုန်းမရှိ အင်တာနက် အဆက်အသွယ်မရှိဘဲနေရင် ဘယ်လောက်များ စိတ်ပျက်စရာကောင်းလိုက်မလဲဆိုတာ တွေးကြည့်ဝံ့ကြမှာ မဟုတ်ပါဘူး။
ဆိုင်ကလုံး ဒုက္ခသည်ကယ်ဆယ်ရေး ရန်ပုံငွေအတွက်ကမ္ဘာအနှံ့အပြား ကုသိုလ်ရှင်တွေ တတ်စွမ်း သမျှ ထည့်ဝင်ကူညီ လှူဒါန်းမှုတွေနဲ့ လူ့အသက်တွေ ကယ်ဆယ်နိုင်ပါမယ်။ ငတ်မွတ်ဆာလောင်လို့ ငိုနေ တဲ့ ကလေးတွေကို အငိုတိတ်စေပါလိမ့်မယ်။ ထိခိုက်ဒဏ်ရာရပြီး အနာရှိန်ကြောင့် ညည်းတွားနေသူတွေ ကို နှစ်သိမ့်မှု တစုံတရာ ပေးနိုင်ပါလိမ့်မယ်။ အရာရာကို လက်လွှတ်ဆုံးရှုံးလိုက်သူတွေအတွက် မျှော်လင့် ချက် အလင်းရောင် လေးကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
ဆူနာမီဘေးဒဏ်ကို ကြုံရတုန်းက ဗမာနိုင်ငံကလွဲလို့ တခြားနိုင်ငံတွေအားလုံးက နိုင်ငံတကာ အကူအညီကို လက်ခံဖို့ တံခါးဖွင့်ပေးခဲ့ကြတယ်။ တိုင်းသူပြည်သားတွေကို ကယ်ဆယ်ဖို့ အစိုးရတခုလုံး အနေနဲ့ မနိုင်တဲ့ကိစ္စကို အမှန်အတိုင်း နားလည်သဘောပေါက်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ကြတဲ့ အစိုးရအနေနဲ့ ဒုက္ခ ရောက်နေတဲ့ ပြည်သူပြည်သားအရေးကို ရှေးရှုရမယ်ဆိုတာ လူလိုတွေးတဲ့ အစိုးရက လက်ခံကျင့်သုံးပြခဲ့တယ်။
ဗမာပြည် နာဂစ်ဆိုင်ကလုံး ကိစ္စမှာတော့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေက ကျနော် ကျမတို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပါရစေလို့ အတန်တန် တောင်းပန်တိုးလျှိုးနေကြရတယ်။ အခုတော့ တကမ္ဘာလုံးကလူတွေဟာ နိုင်ငံခြားသားကြောက်တဲ့ရောဂါ အလွန်အမင်း စွဲကပ်နေတဲ့ အာဏာတည်မြဲ ရေးကလွဲလို့ ဘာကိုမှ စိတ်မ၀င်စားတဲ့ ကမ္ဘာ့ပြိုင်ဘက်မရှိ အစိုးရအဖွဲ့အစည်းတခုရဲ့ ပကတိ ပုံပန်းသွင်ပြင် ကို ပိုမိုပြီး မျက်ဝါးထင်ထင် ကြုံတွေ့နေရပါပြီ။
ဗမာပြည်မှာ ကောင်းမှု ကောင်းရာလုပ်တာဟာ ဒုစရိုက်မှု၊ တိုင်းသူပြည်သားအချင်းချင်း စာနာ ထောက်ထား ကူညီတာဟာ ရာဇ၀တ်မှု ဖြစ်တဲ့အပြင် နိုင်ငံရေးအကြောင်း ဆိုတာဟာလဲ မပြောကောင်းတဲ့ အကြောင်းအရာဖြစ်တယ်လေ။ ဗမာပြည်ရဲ့ ရေမြေ့ရှင်ဗိုလ်ချုပ်ကြီးတွေက တံခါးကို လုံအောင်ပိတ်၊ သော့ ခလောက်ကို မြဲမြဲမြံမြံ ခတ်ထားလေမှတော့ သေရေးရှင်ရေးအတွက် အကူအညီမရလို့ မဖြစ်တဲ့သူတွေဆီ ကို ကူညီနိုင်တဲ့ လက်တွေက ဘယ်လိုများ ရောက်နိုင်ပါ့မလဲ။
ကဲ.. အဲဒီတော့ အဖေတယောက်ဟာ သူ့သားသမီးတွေကို စဉ်ဆက်မပြတ် တရစပ် သေတွင်းထဲ ရောက်အောင် တွန်းပို့နေတဲ့ အဖြစ်ကို မျက်စိရှေ့မှာ ကြုံတွေ့နေရရင် ကျနော်တို့ ဘာလုပ်ကြမလဲ။ ဒါဟာ သက်ဆိုင်ရာ နိုင်ငံတနိုင်ငံတည်းရဲ့ ပြည်တွင်းရေးသက်သက်ပါလို့ ယူဆမယ်ဆိုရင်တော့ မိတ်ဆွေအနေနဲ့ နောက်တကြိမ် ပြန်စဉ်းစားဖို့ လိုနေပါပြီ။
ဆိုင်ကလုံး နာဂစ်အပြီး သုံးပတ်အကြာမှာ ကုလသမဂ္ဂ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ နိုင်ငံတကာ သံတမန်အသိုင်းအ၀ိုင်းက မနေမနား အားထုတ်မှုကြောင့် နောက်ဆုံးတော့ ငရဲမင်းကြီးဟာ တံခါးကို ဖွင့်ပေးလိုက်ပါပြီ။ ဒါပေမဲ့ ဒီဇာတ်ကွက်ရဲ့နောက်ကွယ်မှာ ဘယ်လိုလှည့်ကွက်တွေ ဆင်လာဦး မလဲ-ဆိုတာကိုတော့ တကမ္ဘာလုံးက အထူးသတိထားပြီး စောင့်ကြည့်ဖို့ လိုပါတယ်။ ကျနော်တို့အားလုံး သေသေချာချာ သိထားရမှာက ဗမာပြည်က စစ်ဗိုလ်ချုပ်တွေမှာ ပြည်သူပြည်သားတွေအတွက် စေတနာ တစိုးတစိမှ မရှိဘူး-ဆိုတာရယ်၊ စစ်အာဏာရှင်ဟာ အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်ဖို့ ၀န်မလေး ဘူး-ဆိုတာရယ်ပါပဲ။ ဗမာစကားပုံမှာ “သူတောင်းစားလက်က ခွက်လုတယ်” လို့ ဆိုကြတယ်။ ဒုက္ခသည် တွေကိုပေးတဲ့ ထမင်းလုပ်ကို လုစားတဲ့အဖြစ်ကတော့ သူတောင်းစားရဲ့ခွက်ကို လုတဲ့အဖြစ်ထက် အရုပ် ဆိုး အကျည်းတန်လွန်းပါတယ်။
အာဆီယံနဲ့ ကုလသမဂ္ဂဟာလဲ စစ်တပ်က ဆင်ထားတဲ့ ထောင်ချောက်ထဲ နောက်တခါ မ၀င်မိပါ စေနဲ့။ နားလှည့်ပါးရိုက်ခံရပြီး စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အသုံးချတာကို နောက်ထပ် ခံမလာရပါစေနဲ့-လို့ ကျနော်တို့ တောင့်တောင့်တတ မျှော်လင့်နေပါတယ်။
လေဘေး ရေဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် နိုင်ငံတကာက အလှူရှင်တွေ ရက်ရက်ရော ရော လှူဒါန်းလိုက်တဲ့ အလှူငွေတွေက လုံးဝမလိုလားအပ်တဲ့ ဆန့်ကျင်ဘက် အကျိုးဆက်တွေ ဖြစ်လာ မှာ၊ စစ်အစိုးရရဲ့ မီးတောက်အရှိန်ကို လောင်စာဆီ လောင်းပေးလိုက်သလို ဖြစ်သွားမှာကို အများကြီး စိုးရိမ်နေ မိပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက “အခုထက်ထိ ကျနော်တို့ဟာ ဗမာပြည်မှာ အကူ အညီလိုအပ်နေသူတွေနဲ့ ၂၅% ကိုပဲ လက်လှမ်းမှီပါသေးတယ်” လို့ ပြောနေချိန်မှာ “ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြီးဆုံးသွားပါပြီ..။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုပဲ လုပ်ဖို့ လိုပါတော့တယ်” လို့ ပြောလာတာဟာ ရွက်ဖျင်တဲတွေ သွပ်တွေ ချောကလက် ဘီစကစ်တွေ ရောင်းစားရတာ အမြတ်နည်းလို့ ကန်ထရိုက် လုပ်ငန်းနဲ့ မြိုးမြိုးမြက်မြက်ကလေးရအောင် ရေလာမြောင်းပေး လိုက်တဲ့စကားပါပဲ။
ဗမာလူဦးရေ သုံးပုံတပုံ (လူဦးရေ ၂၅ သန်း) ရှိတဲ့ ဒေသကို နာဂစ်ဝင်မွှေအပြီးမှာ ကံကောင်း ထောက်မလို့ သေသူတွေက သေခဲ့ကြပေမဲ့ ကံဆိုးလို့ မသေဘဲကျန်ခဲ့သူတွေမှာတော့ အငတ်ဘေး၊ ရောဂါ ဘယဘေးတွေ ခါးစည်းရင်ဆိုင်ပြီး ဆက်လက်ရှင်သန်နေကြရပါတယ်။ သူတို့ဟာ အိပ်မက်ကြီးထဲမှာ သွေး ပျက် ထိတ်လန့်စရာတွေနဲ့ လုံးထွေးနေရဆဲပါ။ ဆိုင်ကလုံးဒဏ်ကို အပြင်းအထန်ခံခဲ့ရတဲ့ ဒုက္ခသည်တွေ အတွက် အခြေခံလိုအပ်ချက် လုံလုံလောက်လောက် မပေးနိုင်သေးခင် ရေကြောင့်၊ ခြင်ကြောင့်ဖြစ်လာတဲ့ ကူးစက်ရောဂါတွေကနေ ထိထိရောက်ရောက် မပေးနိုင်သေးခင် ဗမာစစ်အစိုးရဲ့ နေ့စဉ်ထုတ်သတင်းစာက နေ “ဒုတိယအဆင့် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရင်း တတိယအဆင့် လုပ်ငန်းများဖြစ်သည့် သဘာဝဘေးဒဏ်မှ ရေရှည်ကာကွယ်ရေးအတွက် လူနေအိမ်ခြေများရှေ့တွင် လေတား ရေတား အုန်းပင်များ ကွမ်းသီးပင်များ စိုက်ပျိုးခြင်း၊ လူနေအိမ်များနောက်တွင် ရေဘေးရှောင် တိမ်းလွတ်ကင်းနိုင်မည့် ကုန်းမြင့်များ တည်ဆောက်ပေးခြင်း၊ လမ်းမများကို တာများသဖွယ် မြှင့်ပေးခြင်း၊ လိုအပ်သည့် တံတားများ တည်ဆောက်ပေးခြင်း-စသည်များကို စနစ်တကျ ဆောင်ရွက်” ဆိုတဲ့ စကားလုံး တွေနဲ့ အသံကောင်း ဟစ်နေပြန်ပါပြီ။
စိုက်ပျိုးချိန်နီးခါမှ မျိုးစပါးတွေကလဲ လေထဲရေထဲ ပျက်စီးကုန်ပါပြီ။ ကျွဲနွားတွေဟာလဲ အတုန်း အရုန်းသေကုန်ကြပါပြီ။ စိုက်ပျိုးမြေတွေကလဲ ရေရိုင်းတွေ ကျူးကျော်ဆဲပါပဲ။ ဒုက္ခသည် လူထုကြီးမှာ အနာဂတ်ဆိုတာလဲ အက်ကွဲကြေမွလို့၊ အိပ်မက်တွေဆိုတာလဲ ပြိုလဲလို့..။ မျှော်လင့်ချက်ဆိုတာလဲ မှုန်ရီ လွင့်ပါးလို့..။ သူတို့မှာ အသက်ရှိနေသေးတယ် ဆိုတာကလွဲလို့ ဘာများကျန်တော့လို့လဲ။
မျက်မြင် အတွေ့အကြုံအရ ပြောရရင် ဗမာနိုင်ငံသူ၊ နိုင်ငံသားအများစုဟာ ဆန်ကြမ်းထမင်းကို ဆီမပါဘဲ ဆားဖြူးစားရသူတွေ၊ ထမင်းကြမ်းကို ငါးပိရေကျဲနဲ့ဖျော် လယ်ကွင်းထဲက ခူးလာတဲ့ ဟင်းရွက် ကန်စွန်းရွက်ကို ဟင်းလုပ်ပြီး စားနေကြရတာ ဒုနဲ့ဒေးပါ။ ဗမာပြည်မှာ ဆန် ဆားနဲ့ ငါးပိ ငါးခြောက်စတာ တွေဟာ တနေ့ဝင်ငွေ နှစ်ဒေါ်လာတောင်မရှိတဲ့ လူအများစုအတွက် အာဟာရဆက်စရာ မရှိမဖြစ် အစား အစာတွေပါပဲ။
အခုလို ဆိုင်ကလုံးဒဏ် ပြင်းပြင်းထန်ထန်ခံစားလိုက်ရတဲ့ ဗမာ့စပါးကျီ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကနေ ပြည်တွင်းစားသုံးဖို့ ဆန် ၄၀% ထွက်တယ်။ ပြီးတော့ မြစ်နားချောင်းနားနီးတဲ့ အဲဒီဒေသဟာ ရေထွက်ပစ္စည်း ငါးပိ၊ ငါးခြောက်နဲ့ ဆားလှိုင်လှိုင်ထွက်ရာ ဒေသပဲ။ ဒီလိုဆိုပြန်တော့ ဆိုင်ကလုံးနာဂစ်ဟာ ဗမာပြည်သူတွေရဲ့ ဆန်အိုး ထမင်းအိုးတွေကို သွန်မှောက်ပစ်လိုက်သလိုပါပဲ။ ထမင်းအိုးမှောက်လို့ ဒုက္ခ ရောက်ရသူတွေခမျာ အလှူရှင်တွေပေးတဲ့ ထမင်းလုတ်ကို လည်မြိုနင်းပြီး အလုခံကြရလေတော့ ငရဲ တောင်မှ ဒီလောက်ဆိုးပါ့မလားလို့ သံသယဖြစ်စရာပါပဲ။
သန်းနဲ့ချီတဲ့လူတွေ သေရေးရှင်ရေးအတွက် အပူတပြင်းဒုက္ခရောက်နေချိန်မှာ လူမကယ်ပဲ မဲဆွယ် ဖို့ပဲ တတ်တဲ့ စစ်အစိုးရရဲ့ သဘောထားအမှန်ဟာ ဒီထက်ပိုပြီး ရှင်းအောင်ပြောပြနေဖို့ မလိုတော့ပါဘူး။
သတင်းတွေထဲမှာ ဗမာဆိုင်ကလုံးဘေးနဲ့ မရှေးမနှောင်းဖြစ်ခဲ့တဲ့ တရုတ်ပြည် ဇီချွမ် ငလျင်ဘေးမှာ တရုတ်အစိုးရနဲ့ တရုတ်စစ်တပ်က ဘယ်လိုလုပ်ပေးနေတယ်-ဆိုတာ နေ့စဉ်မြင်နေကြားနေ တွေ့နေရပါ တယ်။ သူတို့စစ်သားတွေဟာ အပျက်အစီးပုံတွေကြားက ကယ်ဆယ်ရေးလုပ်သားတွေနဲ့ လက်တွဲပြီး ကူညီနေကြသလို တဖက်မှာလဲ ကလေးတွေကို စာသင်ပေးနေတဲ့ နွေးထွေးကြင်နာတဲ့ ကျောင်းဆရာလေး တွေအဖြစ်နဲ့လဲ မြင်ကြရပါတယ်။ တသက်တာ မမေ့နိုင်တဲ့ ကြောက်လန့်တုန်လှုပ်စရာအဖြစ်ဆိုးကို ကြုံ လိုက်ကြတဲ့ ကလေးတွေ စိတ်ဓာတ်အင်အား ပြန်ပြည့်တင်းလာအောင် ကလေးငယ်တွေရဲ့ ညှိုးနုံးနေတဲ့ မျက်နှာတွေပေါ်မှာ အပြုံးပန်းလေးတွေဝေပြီး ပြန်လည်အသက်ဝင်လာအောင် တရုတ်စစ်သားတွေက တတ်စွမ်းသမျှ လုပ်ပေးနေကြပါတယ်။
ဗမာပြည်မှာတော့ စစ်သားတွေ ဘာလုပ်ကြပါသလဲ။ ဆိုင်ကလုံး ဒုက္ခသည်တွေအတွက် စစ်တပ်နဲ့ စစ်တပ်အလိုတော်ရိတွေ ဘာတွေ လုပ်ကြပါသလဲ။ ဗမာပြည်မှာ စစ်သားဟာ လူကောင်းတွေကို သတ်တဲ့ အလုပ်ကိုပဲ လုပ်ကြပါတယ်။ စစ်တပ်ရဲ့ နောက်လိုက် ကြံ့ဖွတ်၊ စွမ်းအားရှင်ဆိုတာတွေကတော့ အရိုးလေး ကျွေးရုံနဲ့ အမြီးနန့်ပြီး ခိုင်းသမျှလုပ်တဲ့ သတ္တ၀ါထက် အဆပေါင်းများစွာ ယုတ်ညံ့တဲ့အလုပ်ကို လုပ်ကြပါ တယ်။
ဒါဟာ တိုင်းပြည်နှစ်ပြည်ရဲ့ သဘာဝဘေးဒဏ် ကယ်ဆယ်ရေးလုပ်ငန်းမှာ ဘယ်သူတွေက ဘာတွေလုပ်နေကြသလဲ-ဆိုတာကို နှိုင်းယှဉ်ကြည့်ရုံ သက်သက်ပါ။
နာဂစ် ဆိုင်ကလုံးဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးရမှုကို တွက်ချက်တဲ့နေရာမှာ မြေပြင်ပေါ်မှာ မြင်ရတဲ့ အပျက်အစီးတွေနဲ့ ပကတိတန်ဖိုးကိုသာ တွက်ချက်လို့ ရနိုင်မှာပါ။
ချစ်ခင်မြတ်နိုးသူတွေရဲ့ ဆုံးပါးသွားတဲ့ အသက်တွေကိုရော ဘာနဲ့တိုင်းတာမလဲ..။ ဘယ်လို ငွေ ကြေးနဲ့ တန်ဖိုးဖြတ်မလဲ.။ အမေတခု သားတခုဘ၀မှာ သားအလောင်းကိုတောင် သင်္ဂြိုဟ်ခွင့် မရလိုက်တဲ့ အမေအိုတို့၊ ဇနီးမယား သမီးသားကို ၁၂-ပေမြင့်တဲ့ ရေလှိုင်းဆွဲခေါ်ရာ မတားဆီးနိုင်ဘဲ မျက်စိရှေ့တင် ဆုံးရှုံးလိုက်ရတဲ့ ခင်ပွန်းနဲ့ ဖခင်၊ မိသားစု သိုက်သိုက်ဝန်းဝန်း ဘ၀ကနေ တကောင်ကြွက်ဖြစ်ရတဲ့ မိန်းက လေး..။ ဒါ့အပြင် မမြင်နိုင် မကြားနိုင်တဲ့ ဒုက္ခသည်နယ်မြေက ကြေကွဲစရာ ရင်နင့်စရာ ဇာတ်လမ်းတွေ ဟာ မမြင်ရက် မကြားရက်အောင်ကို ရှိနေမှာပါပဲ။
ကယ်ဆယ်ရေးအသင်းတသင်းရဲ့ ပြောကြားချက်အရ သေဆုံးသူဦးရေရဲ့ ၄၀% ဟာ ကလေးငယ် တွေတဲ့။ ရေအိုင်ထဲမှာ မှောက်ရက်တမျိုး၊ ပက်လက် တဖုံ၊ သစ်မြစ်ဆုံကြားမှာ ကန်သင်းရဲ့အစပ်မှာ မြင် မကောင်းအောင် ပြန့်ကျဲနေတဲ့ ကလေးအလောင်းတွေ။ သဘာဝ ဘေးဆိုး မုန်တိုင်း၊ မင်းဆိုး မင်းညစ် မုန်တိုင်းကြားမှာ ကြွေကျသွားတဲ့ အပြစ်မဲ့ ပန်းကလေးတွေ၊ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ၊ အဲဒီ ကလေး တွေထဲကနေ ထွန်းထွန်းပေါက်ပေါက် ဖြစ်လာမဲ့ ကလေးတွေ ဘယ်နှယောက်ပါမလဲ။ စာပေပညာရှင်တွေ ဂီတပညာရှင်တွေ၊ အနုပညာရှင် အတတ်ပညာရှင်တွေ ဘယ်နှယောက်ပါသွားမလဲ..။ မေ့ရင်သွေး ဖေ့ ရင်သွေး တဦးတည်းသောသား၊ တဦးတည်းသော သမီးလေးတွေ ဘယ်နှယောက်ပါမလဲ..။ ဗမာပြည်ရဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ စပါးခင်းတွေ ဆားကျင်းတွေသာ ဆုံးရှုံးလိုက်တာ မဟုတ်ပါဘူး..။ အနာဂတ် ပန်းခင်းကြီးကိုပါ ဖျက်ဆီးခံလိုက်ရတာပါ။
ကလေးတွေအပြင် လူငယ်ကျောင်းသားလေးတွေ လူရွယ်လုပ်သားတွေ ဒုနဲ့ဒေး ရေးဘေးမှာ ပါသွားရှာပါပြီ။ ဒါဟာ ဧရာဝတီတိုင်းတခုထဲတင် မဟုတ်ပါဘူး။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာလည်း အနည်းနဲ့အများ ဆုံးရှုံးလိုက်ကြရတာပါပဲ။
ရွှေပြည်တော် မျှော်လေတိုင်းဝေးခဲ့ရတဲ့ ဗမာပြည်သူပြည်သားတွေအတွက် ဆိုင်ကလုံး နာဂစ်က ပိုလို့ ရွှေရင်ဆို့စေပါပြီ..။ မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ဆိုင်ကလုံး နာဂစ်ထွက်သွားတာ တလပြည့်ပါ တော့မယ်။ ဒီနေ့အထိ အခက်အခဲအမျိုးမျိုးကို ရင်ဆိုင်ပြီး လှုပ်ရှားကြရတဲ့ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ တွေ ပုဂ္ဂလိကအစုအဖွဲ့လေးတွေရဲ့ ကူညီမှုကြောင့် ဒုက္ခသည်တွေ အသက်ဆက်ခွင့်ရခဲ့ကြပါပြီ။ သူတို့ဟာ တားဆီးပိတ်ပင်မှုတွေ အတ္တသမားအခွင့်အရေးသမားတွေကို ရင်ဆိုင်ရင်း တတ်စွမ်းသမျှ ကူညီဆက်သွယ် နေကြပါပြီ။
တချိန်ထဲမှာပဲ န အ ဖ စစ်အစိုးရကလဲ ကမ္ဘာ့အလှူရှင်အဖွဲ့ရဲ့ ဒေါ်လာကုဋေများစွာကိုလဲ သွားရည် တမြားမြားနဲ့ အငမ်းမရ မျှော်နေပါပြီ။
ကျနော်တို့ဘက်ကလဲ ညီညွတ်အင်အား စုပေါင်းပြီး-
ငိုနေတဲ့သူတွေကိုလဲ အငိုတိတ်ရလေအောင်…
နာကျင်နေတဲ့ နှလုံးသားတွေကိုလဲ ဖေးမပေးရအောင်…
ကြောက်ရွံ့ထိတ်လန့်နေသူတွေကိုလဲ နှစ်သိမ့်ရအောင်…
ကျနော်တို့.. မိတ်ဆွေတို့ရဲ့ ဖေးကူလက်တွေနဲ့ ဒုက္ခသည်တွေရဲ့ ၀မ်းမီးနဲ့သောကမီးကို ၀ိုင်းကူငြှိမ်း သတ်ပေးကြရအောင်-ဟု အသိပေးနှိုးဆော်ရင်း “ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ဟူ၍သာ….

ခေတ်သစ် ဗမာ
၂၇၊ မေ၊ ၂၀၀၈

0 Comments: