Thursday, June 18, 2009

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၆၄) နှစ်မြောက်မွေးနေ့ ကဗျာများ

19th June, 2009



ဒို့မေမေစု ဒို့ဒေါ်လေးစု မွေးနေ့ဆုတောင်း
(ဒေါ်စုမွေးနေ့မှာ ကလေးများ ရွတ်ဆိုစရာ)
မေမေစုကြည်၊ ဒို့စုကြည်
ဆန်းရဲ့သမီး ဆန်းစုကြည်
ဇာနည်ဘွားမို့ စွန့်စားသည်။
နှင်းဆီနီနီ ပန်းတပွင့်
လန်းလန်းစွင့်စွင့် အနီရင့်
ခွပ်ဒေါင်းကြယ်ဖြု လူလူလွှင့်။
ရဲရဲရင့်ရင့်၊ မြင့်မြင့်ကြံ
ညီညွတ်ကြရန်၊ ငြိမ်းချမ်းရန်
တွေ့ရန် ဆုံရန် ညှိနှိုင်းရန်။
လမ်းမှန်ကိုဖောက်၊ ရှေ့ကလျှောက်
ခေါင်းဆောင်ဂုဏ်မြောက်၊ ရဲရဲတောက်
မခ သူ့အောက်၊ လက်မမြှောက်။
မဖောက် မဖည် ညီကြမည်
ပြည်ထောင်စုသစ်၊ ခေတ်သစ်တည်
ဒုတိယပင်လုံ၊ ဆုံကြမည်။
ဒီမိုကရေစီ ရရှိရေး
အားလုံးအရေး ဒို့အရေး
လူသစ် စိတ်သစ် အားသစ်မွေး။
ယဉ်ကျေးကြစေ၊ ရဲရင့်စေ
ဖြောင့်စေ မတ်စေ၊ တည်ကြည်စေ
အောင်စေ ဦးစေ အေးပါစေ။
အဝေရာ ရန်အပေါင်း
ဝေးပါစေကြောင်း အေးစေကြောင်း
မေမေစုတွက် ဆုမွန်တောင်း
ဒေါ်လေးစုတွက် ဆုမွန်တောင်း
မာကြောင်း သာကြောင်း မြန်မာအပေါင်း
လက်ငင်းခု၊ ငြိမ်းဆုရစေကြောင်း
ချက်ချင်းခု၊ လွတ်ဆုရစေကြောင်း။ ။
မောင်စွမ်းရည်
ဇွန် ၁၅၊ ၂၀၀၉




ဒေါ်အောင်ဆန်းစုကြည်ကဗျာ

ဆယ့်ကိုးရက်နေ့ ဇွန်လ ဟာ
ဒေါ်စုမွေးနေ့ပါ။
တစ်ထောင့်ကိုးရာ လေးဆယ့်ငါး
ရန်ကုန်မြို့မှာ ဖွား။

ဦးအောင်ဆန်းနဲ့ ဒေါ်ခင်ကြည်
မွေးဖွားသန့်စင်သည်။
စိတ်ဓာတ်တည်ကြည် နှလုံးသား
ငြိမ်းချမ်းရေး လိုလား။

မြန်မာပြည်ကြီး လွတ်လပ်အောင်
ဒေါ်စု တို့ခေါင်းဆောင်။
ဦးဆောင်လို့သာ သူစွန့်စား
ပြည်သူတွေရဲ့ အား။

ညီညွတ်ရေးကို ဖော်ဆောင်သည်
ဒေါ်အောင်ဆန်းစုကြည်။
အနာဂတ်မှာ ပြည်ထောင်သစ်
ကြံဆောင် သူဖွင့်လှစ်။
သမီးလည်းချစ် သားလည်းချစ်
လူထုအားလုံးချစ်။ ။
ထိန်လင်း
၁၆၊ ၆၊ ၂၀၀၉

အောင်ဆန်းစုကြည် ။

အောင်လံ ရယ်ထူ
မကြည်ဖြူလည်း
နာမည်ကျော်မှု့ 
ဆန်းသစ်လှတယ်
လေတွင် ဝေ့၀ဲ
ကမ္ဘာတလွှား
ု တွေလည်းဝေ
ကျော်ကြားဆဲလေ
မွေးရပ်မြေတွက်
ကြည်ကြည်ဖြူဖြူ
ဘ၀စတေးခံ
သူလိုလူကား
ဇမ္ဗူ တလွှား
ရှိနိုင်မလား
ရှိပါ့မလား။

(သီဖွဲ့ သူ - ဆူး ၊ မေလ ၂၉၊ ၂၀၀၉၊ ၂း၀၀ နာရီ) ။



ငြိမ်းချမ်းရေး ဒေါင်းမိခင်
(ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၄ နှစ်ပြည့် မွေးနေ့သို့)
မေတ္တာရှင်
ကြည်လင်စမ်းရေ အလား
သူ့ရင်ခွင် အေးမြရိပ်
စိတ်ချမ်းမြေ့စေသား။
ငြိမ်းချမ်းရေး အို မိခင်
ပြုံးရွှင်ပ နှလုံးသား
မိုးကောင်းကင် ကြယ်တမွတ်
ဆွတ်နိုင်မယ့် အား။
ငြိမ်းချမ်းရေး အို မိခင်
သန့်စင်မြ နှလုံးသား
ကမ္ဘာမြေ နေခြည်ဝင်း
လင်းလက်မယ့် အား။
ငွေစင်ကြယ် ၀န်းရံခ
လမင်းနှင့် ပြိုင်ကာ
သူ့မေတ္တာ ဂုဏ်ရောင်လင်း
ထုံသင်းပျံ့စွာ
မြန်မာဟေ့ မြန်မာ
ကမ္ဘာမှာ တယောက်ထဲ။
မုန်တိုင်းဒဏ်
ဘယ်လောက်ကြမ်းသော်လည်း
ဒေါင်းမိခင် ကမ္ဘာလွှမ်းမယ်
ပန်းပန်လျက်ပဲ။ ။
မောင်သြ
ဇွန် ၁၆၊ ၂၀၀၉




မီးထဲကကြာ ပေး မေတ္တာစာ
မြို့လုလင်သူ
နင့်ပြည်သူက ကြိမ်မီးအုန်း
မီးဟုန်းဟုန်းကို တောက်စေအံ့။

ခင်ကြည့်သမီးထွေး
ဧရာသွေးပ
အရေးတော်ပုံ အောင်ရမည်။

တရားမဲ့မှုနဲ့ တရားမှု
အံတုစစ်ပွဲ၊ မြဲတဲ့သစ္စာ
လူထုကဗျာ၊ လူထုပိုစတာ။

၅ ယောက်ထက်ကျော်
၆ ယောက်ဆင့်ကမ်း
အောင်ဆန်းသွေးတွေ၊ ကမ္ဘာမြေအနှံ့။

ထောင်ကျဉ်းငရဲ
အမှောင်ထဲမှာ
တိုက်ပွဲလူထု၊ လူထုတိုက်ပွဲ
ရဲရင့်သူတို့ပြောတဲ့ သမိုင်းတွေ။

မြို့လုလင်သူ
ဘိုးတူဘမျိုး၊ မညှိုးသရေ
မကြေကမ္ဘာ၊ ကျူးရင့်ပါလင့်
နင့်ပြည်သူတွေ နိုးပြီဟ။ ။

မောင်လွမ်းဏီ


လှောင်ချိုင့်တံခါးတွေ ရိုက်ချိုးကြဟေ့
(ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရ)
မြန်မာ့သမိုင်းတလျှောက်
အုပ်စိုးသူအဆက်ဆက်မှာ
သူ့ထက်ဆိုးသူတောင်မ
သူ့လောက်မဆိုးခဲ့ကြဘူး
အဲဒီလူပေါ့
တိုင်းသူပြည်သားတွေရဲ့
တံတွေးခွက်ထဲပက်လက်မျောသူ
တိရစ္ဆာန်လိုလူတယောက်
အာဏာမက်စိတ်က တောင်လိုမောက်နေပုံများ …၊

ဘဝရဲ့ ဆည်းဆာချိန်
တိမ်တောက်တောက်ထဲမှာ
ထွေးပြီးသား တံတွေးတွေ ပလုတ်ပလောင်းနဲ့
သွေးရူးသွေးတမ်း အမိန့်ပြန်တမ်းတွေထုတ်
အမေ့ကို နောက်တနှစ် အကျယ်ချုပ်တဲ့
တံတွေးခွက်ထဲကအကောင်ပေးတဲ့
အမေ့အတွက် မွေးနေ့လက်ဆောင် …။

တကမ္ဘာလုံး ဝက်ဝက်ကွဲပါပဲ
အမေ့အတွက် ဝမ်းနည်းကြောင်း
စိတ်မကောင်းကြောင်း
သတင်းစကားတွေ
သဝဏ်လွှာတွေ
ထုတ်ပြန်ကြေညာချက်တွေ ပလူပျံလို့
တနှစ်တခါ တောခြောက်သံလား
တောလဲသံလား
ပြီးတော့လည်း ပြီးသွားတာပါပဲ
အမေ့လွတ်မြောက်ရေးဟာ
လေနဲ့အတူလွင့်မျောသွားခဲ့
အမေ့စိတ်တခုသာ
သံမဏိကျောက်ဆောင်တခုအလား
ပိုမိုမာကျောကျစ်လာခဲ့တယ် …။

အမေ့ရဲ့ဒုက္ခဟာ ပြည်သူလူထုရဲ့ ဒုက္ခမဟုတ်ဘူး
ပြည်သူလူထုရဲ့ဒုက္ခသာလျှင် အမေ့ရဲ့ ဒုက္ခဖြစ်တယ်
ပြည်သူလူထုအတွက် အမေ့ရဲ့အသက်ကို ပေးထားပြီးသားမို့
အမေ့ရဲ့ ခိုင်မာတဲ့စိတ်ဓါတ်အင်းအားအောက်မှာ
တံတွေးခွက်ထဲကကောင်တွေတနေ့ …
ဒူးထောက်ကြရမယ်ဆိုတာ သားတို့ ယုံတယ် …၊

ကံကြမ္မာရေ …
ရက်စက်မှုအပေါင်း သရဖူမဆောင်းလိုက်ပါနဲ့
အမေဟာ
ခေတ်သစ်ဗမာပြည်သမိုင်းရဲ့ ကောင်းကင်မှာ
ထွန်းလင်းတောက်ပတဲ့ လမ်းပြကြယ်ဖြစ်တယ်
အမေဟာ
ပြည်သူလူထုကြီးဖြစ်တယ်
ပြည်သူလူထုကြီးရဲ့သွေးက
အမေ့ကိုယ်ထဲ လှည့်လည်စီးဆင်းတယ် …၊

ကမ္ဘာကြီးရေ …
ဗမာပြည်ကြီးရေ …
အမေ့ကို ချစ်သူ မုန်းသူများအားလုံးအား
အမေ့ကိုယ်စား
ငါတို့က ကျေးဇူးစကားဆိုပါရစေ …၊

အမေလွတ်မြောက်ဖို့အတွက်
ပြည်သူလူထုလွတ်မြောက်ဖို့အတွက်
တိုင်းပြည်လွတ်မြောက်ဖို့အတွက်
လှောင်ချိုင့်တံခါးတွေ ရိုက်ချိုးကြဟေ့ …။

ရေးစပ်သူကို မဖေါ်ပြနိုင်သည်ကို ခွင့်လွတ်ပါ။ (ဤကဗျာကို အမေ့(၆၃)နှစ်က ဖွဲ့ဆိုခဲ့သည်)


ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အမှတ်တရ
အမေ
လွတ်လပ်ခြင်း ကောင်းကင်မှာ
ငြိမ်းချမ်းရေး ချိုးငှက်တို့
အထောင်အသောင်း ပျံသန်းလာကြပြီ ။

အမေရဲ့
ခြောက်ဆယ့်နှစ်နှစ်မြောက်မွေးနေ့ကို
နောက်ထပ် တနှစ်
အကျယ်ချုပ် သက်တမ်းတိုးခြင်းနဲ့
ပြည်သူလူထုကြီးရဲ့ လိုအင်ဆန္ဒတွေကို
ခြေမွ ဖျက်ဆီး ပြလိုက်ပြီလေ ။

အမေနဲ့ပြည်သူလူထုကြီးအပေါ်
သူတို့
ရက်စက်နိုင်တာထက်
ပိုပြီး ရက်စက်ခဲ့ကြတယ် ။

နှိပ်စက်နိုင်တာထက်
ပိုပြီး နှိပ်စက် ခဲ့ကြတယ် ။

မိုက်တွင်းနက်နိုင်တာထက်
ပိုပြီး မိုက်တွင်းနက်ခဲ့ကြတယ် ။

အမေရဲ့ 
ခံနိုင်ရည်စွမ်းအား
သားတို့
ဟောဒီ ရင်ဘတ်ကြီးတွေနဲ့
မြင်တွေ့ခံစား ခွန်အား ဖြစ်စေခဲ့တယ် ။

အမေရေ
ဗမာတပြည်လုံးနဲ့
ကမ္ဘာကြီးတခုလုံးရဲ့
ချစ်ခြင်းမေတ္တာတရား
အမေ့အပေါ်မှာ လွှမ်းခြုံလို့ထားကြတယ် ။

ကမ္ဘာ့ရွာကြီး တခုလုံး
ခြိမ့်ခြိမ့်သဲသဲ
အမေ့ရဲ့ မွေးနေ့ပွဲတွေ ကျင်းပနေချိန်မှာ
အမေ့ရဲ့ လွတ်မြောက်ရေးအတွက် တောင်းဆိုနေချိန်မှာ
အမေကတော့
သည်းခံ ခွင့်လွှတ်ခြင်းနဲ့
မေတ္တာတရားကသာလျင်
အရာရာကို အောင်နိုင်လိမ့်မယ် ဆိုတဲ့
ဘုရားရှင်ရဲ့ တရားတော်ကို
နှလုံးသွင်း ဆင်ခြင် အာဏာရှင်တွေကို
တိုက်ပွဲဝင်နေမယ်ဆိုတာ
သားတို့ သိသလို
ကမ္ဘာကြီးကလဲ သိကြပါတယ် အမေ ။

အမေ့ရဲ့ မွေးနေ့မှာ
အမေ သက်တော် ရာကျော် ရှည်စေကြောင်း
ဆုမွန်တောင်းရင်း
အမေ့ရဲ့ ဉီးဆောင်မှုအောက်မှာ
သားတို့
ပြည်သူလူထုကြီးတရပ်လုံး
ညီညီညွတ်ညွတ် နဲ့
ခေတ်တခေတ်ကို ထုဆစ်သွားမယ် ။
ရေးစပ်သူ မည်သူဖြစ်သည်ကို မဖေါ်ပြနိုင်သည်ကိုခွင့်လွတ်ပါ။

(ဤကဗျာကို အမေ့ ၆၂နှစ်မြောက် မွေးနေ့က ဖွဲ့ဆိုခဲ့သည်)

Read More...

Saturday, June 13, 2009

13.6.2009

ကျောင်းသားခေါင်ဆောင်များ ပြောခဲ့သော ရဲရဲတောက်မိန်းခွန်းများ။



ကျွန်တော်တို့ခောတ်ရောက်တဲ့အခါတိုင်းတပါးကျွန်ဘဝကလွတ်မြောက်ပေမဲ့ ကိုယ့်အမျိုးသားချင်း နှိပ်စက်ခဲ့ကြတဲ့စစ်ကျွန်ဘဝကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တမျိုးသားလုံးကိုင်ဆောင်ခဲ့ရတဲ့ဒေါင်းအလံဟာဘယ်ကျွန်မှ ခံမှာမဟုတ်ပါဘူး။ ရှစ်လေးလုံးရဲ့အနှစ်သာရဟာ ဘယ်သူ့ကျွန်မှမခံဘူးဆိုတဲ့အနှစ်သာရပါပဲ။ ဒါကြောင့်-------
တိုင်းတပါးကျွန်၊ စစ်တပ်ကျွန် ။
ဘယ်ကျွန်မှ မခံ၊ဒေါင်းအလံဟေ့။
ကျောင်းနံရံတ ဝိုက်၊ ဒေါင်းအလံ ပြန်စိုက်မယ်။ (ကိုမင်းကိုနိုင်)














၁၉၇၄ ဥပဒေဟာ နိုင်ငံရေး ပြဿနာတွေကိုဖြေရှင်း နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ နောက်ငံသားတွေမှာ အထွေထွေအခက်အခဲဖြစ်ပြီး ပြောင်းလဲဖို့လိုအပ်တဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြုပြင်ပြောင်းလဲနိုင်ဖို့ ပျော့ပြောင်းမူမျိုးမရှိခဲ့လို့။ ဥပမာ -၇၄ဖွဲ့စည်းပုံမှာ လွတ်တော်ကိုယ်စလှယ်အားလုံးရဲ့ ၇၅%ကျော်က သဘောတူပြီးတဲ့နောက် ဆန္ဒခံယူပွဲ ကျင်းပပြီှးမှ ပြင်ဆင်လိုရမယ်လို့တင်းကြပ်ထားတဲ့အတွက် နောက်ဆုံး ပြုပြင်လို့မရတဲ့အဆုံး, ဖွဲ့စည်းပုံ ဥပဒေဘောင်မှာ ဖြေရှင်းလို့မရတဲ့အဆုံးမှာ သွေးထွက်သံယိုမူတွေနဲ့ ဖြေရှင်းခဲ့ရတာပါပဲ။ ယခုရေးဆွဲနေတဲ့ ဖွဲ့စည်းပုံဥပဒေဟာလည်း ၇၄ ဖွဲ့စည်းပုံထက် ပိုဆိုးပြီး စစ်တပ် အခွင့်အရေးအတွက် တဖက်သက်ရေးဆွဲပြီးတော့ ပြုပြင်ရခက်လောက်အောင်တင်းကြပ်ထားမယ်ဆိုရင် အလားတူသွေးထွက်သံယိုမူတွေ ဖြစ်လာအုံးမှာပဲလို့သတိပေးချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဖွဲ့စည်းပုံကို ကျွန်တော်တို့ကိုယ်တိုင် ၊နိုင်ငံသားတွေရဲ့ဆန္ဒနဲ့ ဆုံဖြတ်ပေးကြမယ်လို့ ဆော်ဩလိုက်တာဖြစ်ပါတယ်။ (ကိုကိုကြီး)















ကောင်းစားမှ ၊ပေါင်းစားမယ်ဆိုတဲ့အလုပ်ကို ။
သခင်ကြီးဘယ်တော့မှ မလုပ်ဘူး။
ဒီအလုပ်ကို။
ကျုပ်အဖိုးလည်းလုပ်ခဲ့တယ်၊သခင်ပဲ။
ကျုပ်အဖွားလည်းလုပ်ခဲ့တယ်၊သခင်ပဲ။
ကျုပ်အဖေလည်းလုပ်ခဲ့တယ်၊သခင်ပဲ။
ဒါကြောင့်ကျုပ်နာမည်၊သခင်ကြီး။
ကောင်းစားမှ၊ပေါင်းစားမယ်ဆိုတဲ့သူဟာ။
သုဿာန်ဇရပ်ပြတ်ကြီးပေါ်မှာထိုင်ပြီး၊
အပင်းအဆိပ်ကိုမြိုနေရတဲ့အတိုင်းပဲ။
ဒီအလုပ်ကိုကျုပ်လုပ်တာဟာ။
ကျုပ်တယောက်ကောင်းစားဖို့၊လုပ်နေတာမဟုတ်ဘူး။
ကျုပ်မိသားစုကောင်းစားဖို့၊လုပ်နေတာမဟုတ်ဘူး။
ကျုပ်တဆွေတမျိုးကောင်းစားဖို့၊လုပ်နေတာမဟုတ်ဘူး။
ဗမာပြည်သူပြည်သားတွေ၊
တောင်းမစားပဲ ကောင်းစားစေချင်လို့။
အဲဒီအလုပ်ဟာ နိုင်ငံရေးပဲ။ (သခင်ထင်အောင်)














ကျွန်တော်တို့ဒီနေ့ဒီရက်မှာ မြန်မာနိုင်ငံရဲ့သမိုင်းတစ်ခုကိုဖန်တီးခဲ့ကြတယ်။ဘယ်လူ့အဖွဲ့အစည်းမဆို ဒီလူ့အဖွဲ့အစည်းတစ်ရပ်ရဲ့စိတ်ဆန္ဒအတိုင်းပဲပြောင်းလဲရမှာဖြစ်တယ်။လူအဖွဲ့အစည်းရဲ့သဘောထားအမြင်မှန်တွေကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ ၁၉၈၈ ကလည်းတခါပြခဲ့ပြီးပြီ။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲတုန်းကလည်းတစ်ကြိမ်ပြခဲ့ပြီးပြီ။ ဒီကနေ့ကျွန်တော်တို့နိုင်ငံသားအားလုံး စုပေါင်းပြီးတော့ပြရတော့မယ့်မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သတ်တဲ့အဆုံးအဖြတ်ပွဲတစ်ခုကိုကျွန်တော်တို့
ကြုံရပါတော့မယ်။ အဲဒါဟာပြည်သူ့ဆန္ဒခံယူပွဲဆိုတဲ့အရာဖြစ်တယ်။ ဒီပြည်သူ့ဆန္ဒခံယူပွဲမှာ ကျွန်တော်တို့ရဲ့ခြေတွေလက်တွေ အနာဂတ်တွေကိုတုတ်နှောင်မယ့် စစ်အစိုးရရဲ့ တဖတ်သတ်ရေးဆွဲထားတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ကျွန်တော်တို့လူ့အဖွဲ့အစည်းအသီးသီးက လက်ခံမလား၊လက်မခံဘူး ငြင်းမလားဆိုတာ ပြတ်ပြတ်သားသား ပြရတော့မှာဖြစ်ပါတယ်။ (ကိုဋ္ဌေးကြွယ်)



ဒီနေ့မြင့်မားနေတဲ့ကုန်ဈေနူံး၊လူတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ၊ မတရားမူတွေကို ကျွန်မတို့က တောင်ဒဂုံဆင်းရဲသားရပ်ကွက်မှာနေရတော့ အများကြီးခံစားရပါတယ်။ ဒီနေ့အာဏာပိုင်တွေ အနိုင်ကျင့်တာတွေ၊မတရားဖမ်းဆီး အရေးယူမူတွေကိုကျွန်မတို့က လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအနေနဲ့မပြတ်မလပ်ပါဝင်ဆောင်ရွက်နေပါတယ်။
(ဒေါ်ခင်အေး၊တောင်ဒဂုံ။)














စစ်အာဏာရှင်အစိုးရရဲ့ မတရား ငြင်းပန်းနှိပ်စက်မူတွေကြောင့် ကျွန်မတို့အသက်ပေါင်းများစွာသွေးမြေကျခဲ့ရပါတယ်။ဒါတွေကို ရှေ့ဆက်ပြီးငြိမ်ခံနေမယ်ဆိုရင် ကျွန်မတို့ရဲ့သားစဉ်မြေးဆက် နောင်လာနောင်သားတွေ အကုန်လုံး ဒီလိုပဲဘဝဆိုးတွေနဲ့ ရင်ဆိုင်ရအုံးမှာဖြစ်တဲ့အတွက် ကျွန်မတို့ဒီလိုဘဝမျိုးတွေ ဒီလိုစနစ်ဆိုးတွေကို ဒီနေရာမှာချေဖျတ်သင့်ပြီးလို့ ကျွန်မတို့မှာတာဝန်ရှိတယ်လိုပြောချင်ပါတယ်။ ဒီနေ့ဒီအချိန်မှာ ကျွန်မတို့သူငယ်ချင်းတွေ ၊ညီအကိုမောင်နှမတွေ သွေး မြေကျခဲ့ကျတာကို ဒီလိုပဲငြိမ်ခံမနေပါနဲ့။စစ်အာဏာရှင်ရဲ့စစ်ဘိနပ်အောက်မှာ ငြိမ်ခံမနေပါနဲ့။လုပ်သင့်လုပ်ထိုက်တာကို ပြတ်ပြတ်သားသားလုပ်ပါ။ပြတ်ပြတ်သားသားပြောပါ။ရဲ့ရဲ့ရင့်ရင့်ထွက်ကြပါ။ ဒီထဲမှာ ကျွန်မတို့အမျိုးသမီး တွေ ကျရာတာဝန်ကို ကျတဲ့နေရာက တာဝန်ယူဆောင်ရွက်ဖို့အရေးကြီးပါတယ်။ ခောတ်အဆက်ဆက်ကိုကြည့်မယ်ဆိုရင်ကျွန်မတို့အမျိုးသမီးတွေဟာဘယ်တော့မှအညံ့ခံခဲ့တာမရှိပါဘူး။ အင်္ဂလိပ်ခောတ် မှာ ကျွန်မတို့အမျိုးသမီးတွေ ရရာလက်နက်စွဲကိုင်ပြီး တွန်းလှန်ခဲ့တယ်။ ဂျပန်ခောတ်မှာလည်းတွန်းလှန်ခဲ့ကျတယ်။ ဒီနေ့စစ်အာဏာရှင် စစ်အစိုးရကို တွန်းလှန်ဖို့ ကျွန်မတို့အမျိုးသမီးတွေမှာ တာဝန်ရှိတယ်လို့တိုက်တွန်းချင်ပါတယ်။ အမျိုးသမီးတွေထွက်ကျပါ။
(မထက်ထက်ဦးဝေ၊ရွှေပြည်သာ)


နိုင်တဲ့သူတရားကြေးဆိုပြီး ၊
ကျည်ဆံနဲ့သမိုင်ရေးချင်ကျသလား။
ဟော့ဒီကျောင်းသားမျိုးဆက်ကုန်သွားမှ၊
အဲ့ဒီတရားကိုမင်းတို့ရမယ်။
နိုင်တဲ့သူတရားကြေးဆိုပြီး။
အမြောက်တွေနဲ့သမိုင်းရေးချင်ကျသလား။
ကောင်းကင်ပေါ်ကမိုးစက်တွေခြောက်ခန်းမှ၊
အဲဒီသမိုင်းကိုမင်းတို့ရမယ်။
တရားတဲ့သူသာ နိုင်ကြေးဟေ့။
(ကိုဂျင်မီ)


ကျွန်တော်တို့လက်ရှိပညာသင်ကြားနေရတဲ့ကျောင်းတွေမှာ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့အခြေခံအခွင့်အရေးတွေဆုံးရူံးနေပါတယ်။ဒီဆုံရူံးမူတွေကို၊ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို တရားဥပဒေဘောင်အတွင်းကတောင်းဆိုခဲ့တာကို ကျွန်တော်တို့ကိုဆူပူအုံကြွအောင်လုပ်တယ်လို့ပြောတယ်။ ကျွန်တော်တို့ကိုဘယ်သူမှမြောက်ပေးခြင်းမရှိဘူးလို့ပြောချင်တယ်။ ပညာရေးဖြင့်ခောတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကြီးတည်ဆောက်နေပါတယ်ဆိုပြီးပြောတဲ့နေရာမှာ ကျွန်တော်တို့ပညာရေးနို့ချိုကိုသောက်သုံးတဲ့အခါ ရသင့်ရထိုက်တဲ့ ကျောင်းသားအခွင့်အရေးတွေမရမပဲ ဘယ်လိုတည်ဆောက်မှာလည်းလို့ အာဏာပိုင်တွေကိုမေးချင်ပါတယ်။
(စည်သူမောင်၊ ဒီငြိမ်းအေး ၊မျိုးဆက်သစ်)




၁၉နှစ်ရှိခဲ့ပါပြီ ကျွန်တော်တို့ကျောင်းတက်ခဲ့တုန်းက သင်ကြားခဲ့ရတဲ့ပညာတွေဟာ ကျွန်တော်တို့လူမျိုးတွေကို ဘယ်မှာလာပြီး အကျိုးပြုနိုင်လောက်တဲ့တက်မြောက်လောက်တဲ့ ပညာရေး ဖြစ်ခဲ့လို့လဲ။ ကျွန်တော်တို့ကျောင်းသားဆိုတာ မတရားမူကိုဘယ်တုန်းကမှ ငုံ့ခံခဲ့တဲ့ထုံးစံမရှိခဲ့ပါဘူး။ ကျွန်တော်တို့ပြန်ပြောချင်ပါတယ် ၁၉ နှစ်ရှိခဲ့ပေမဲ့၊စေးထန်းပြီး နက်မှောင်ကျယ်ကျုပ်နေတဲ့ကတ်တရာလမ်းတွေကို ရိုက်ခွဲကြည့်လိုက်စမ်းပါ။ တစိမ့်စိမ့်ဆိမ့်ရိုစီးကျလာတဲ့၈၈ ကျောင်းသားတွေရဲ့သွေးစက်တွေက ဒီကနေ့ထိအော်ဟစ်မြည်တမ်းနေတုန်းပဲ။ ဒါဟာ---ဒီမိုကရေစီ--ဒီမိုကရေစီး--ဒီမိုကရေစီ--။
(ကိုမြအေး)
(မှတ်ချက်) DVB အသံဖိုင်မှ ကူးယူ ဖေါ်ပြပါသည်။

Read More...