Wednesday, June 25, 2008

နာဂစ်မုန်တိုင်းကြောင့်သေဆုံးသူဦးရေ (၁) သိန်းခွဲနီးပါးရှိနိုင်

၂၅ ဇွန် ၂၀၀၈



မုန်တိုင်းကြောင့် သေဆုံးသူဦးရေကို (၈) သောင်းခွဲရှိသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရဘက်က တရားဝင်ထပ်မံ အတည်ပြုလိုက်သည့်အတွက် မူလမှန်းထားသည့် ကိန်းဂဏန်းထက် (၉) ရာနှုန်း တက်လာသည်။

ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာစစ်အစိုးရတို့ ပါဝင်သည့် သုံးပွင့်ဆိုင်အဖွဲ့က ဧရာဝတီတိုင်း ပျက်စီးမှုများကို လေ့လာအပြီးတွင် မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဒုတိယ၀န်ကြီးတဦးက မုန်တိုင်းကြောင့် သေဆုံးသူဦးရေ (၈) သောင်းခွဲရှိသည်ဟု ပြောခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းကြောင့် ပျောက်ဆုံးသူဦးရေကိုလည်း (၅၃,၈၃၆) ရှိသည်ဟု ထုတ်ပြန်သည့်အတွက် လွန်ခဲ့သည့်
(၁) လခွဲက စစ်အစိုးရ ကိန်းဂဏန်းထက် (၄) ရာနှုန်း လျော့ကျသွားသည်။

မုန်တိုင်းကျပြီး (၂) လနီးပါးကြာသည်ထိ ပျောက်ဆုံးသူ ဦးရေ (၅) သောင်းကျော်နေသေးသည် ဆိုသော်လည်း ထိုပျောက်ဆုံးသူများအတွက် မည်သို့ရှာဖွေ ကယ်ဆယ်ရေးလုပ်နေသည်ကိုမူ စစ်အစိုးရဘက်က ယခုထိ ပြောဆိုခြင်းမရှိပေ။ အဆိုပါ ပျောက်ဆုံးသူအားလုံး သေသည်ဟု တွက်လျှင် မြန်မာနာဂစ်မုန်တိုင်းကြောင့် စုစုပေါင်းသေဆုံးသူဦးရေမှာ စစ်အစိုးရကိန်းဂဏန်း အရပင် (၁) သိန်းခွဲနီးပါး ရှိမည်ဖြစ်သည်။

မုန်တိုင်းကြောင့် သေဆုံးသူဦးရေ (၁) သိန်းခွဲထိ ရှိနိုင်ကြောင်း Oxfam ကယ်ဆယ်ရေးအဖွဲ့ ကြီးက မုန်တိုင်းကျပြီး (၁) ပတ်အတွင်း ခန့်မှန်းခဲ့သည်။ တချိန်တည်းမှာပင် မုန်တိုင်းကြောင့် သေဆုံးသူ (၁) သိန်းထိ ရှိနိုင်ကြောင်း ရန်ကုန် အမေရိကန်သံရုံး ယာယီတာဝန်ခံ Ms Shari Villarosa ကလည်း မှန်းခဲ့သည်။


မုန်တိုင်းကြောင့် သေဆုံးသူဦးရေ (၈) သောင်းခွဲရှိသည်ဟု စစ်အစိုးရဘက်က ပြင်ဆင်အတည်ပြု ခဲ့သော်လည်း စုစုပေါင်းသေဆုံးသူ (၁) သိန်းထိ ရှိနိုင်ပြီး ပျောက်ဆုံးသူ အရေအတွက်ကို (၂၂၀,၀၀၀) ရှိနိုင်သည်ဆိုသည့် ကုလသမဂ္ဂ၏ ခန့်မှန်းချက်ကို ယခုထိ ပြင်ဆင်ခြင်း မရှိသေးပေ။

သုံးပွင့်ဆိုင်အဖွဲ့ကို မေ (၁၉) ရက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် မြန်မာနှင့် နိုင်ငံတကာ အသိုင်းအ၀န်းကြား ယုံကြည်မှု ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာစေရန် ရည်ရွယ်ခဲ့သည်ဟု ဆိုသည်။ ။
ခောတ်ပြိုင်မှ

0 Comments: