Saturday, June 14, 2008

အခက်အခဲ၊ အကန့်အသတ်များကြောင့် စေတနာအလှူရှင်များ လက်လျှော့ကြရ

မင်းခက်မောင်/ဘိုကလေး | ဇွန် ၁၄၊ ၂၀၀၈

ဘိုကလေးမြို့ စံကျောင်းဆရာတော် ဦးကောဝိဒက အနာဂတ်ကို မျှော်တွေးမိရင်း သက်ပြင်းရှည်ကြီးချသည်။ ခေါင်းကို လည်း ယမ်းနေမိသည်။ သူ၏ ဘုန်းတော်ကြီးကျောင်းတွင် မေလ ၂ ရက်နှင့် ၃ ရက်နေ့က တိုက်ခတ်ဖျက်ဆီးခံခဲ့ရသည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရပြီး အသက်မသေဘဲ ရှင်ကျန်ရစ်ခဲ့သူ ဒုက္ခသည် ၁၀၀ ကျော် ခိုလှုံနေကြဆဲ ဖြစ်သည်။

ဧရာဝတီတိုင်းသို့ သွားရာလမ်းပေါ်က စစ်ဆေးရေးဂိတ်တခု (ဓာတ်ပုံ - မင်းခက်မောင်/ဧရာဝတီ)

“စိုးရိမ်စရာကတော့ အစားအသောက်အတွက် အခု ပင်မထောက်ပံ့နေတဲ့သူတွေ ပျောက်သွားကြပြီ”ဟု ဆရာတော်က ၀မ်းနည်းစွာ ညည်းညူသည်။

“အခုရက်အတောအတွင်းမှာ လာလှူတဲ့ စေတနာအလှူရှင်တွေ နည်းသည်ထက် နည်းသွား ကြပြီ”ဟု ဆရာတော်က ပြောပြသည်။

ဤသို့ စေတနာအလှူရှင်များ အရေအတွက် လျော့နည်းလာမှုအပေါ် စိုးရိမ်ကြောင့်ကြနေသည်မှာ ဆရာတော်တဦးတည်း မဟုတ်ပေ။ အိုးအိမ်ပျက်စီး ဆုံးရှုံးခဲ့ရသူ မုန်တိုင်းသင့်ဒုက္ခသည်များ ခိုလှုံနေကြသည့် အခြားနေရာများကလည်း အလားတူ မရေမရာ စိုးရိမ်ဖွယ် အခြေအနေနှင့် ကြုံတွေ့နေကြရသည်။ လွန်ခဲ့သည့်လက သူတို့ကို ရပ်တည်နိုင်စေခဲ့သည့် အစား အသောက်နှင့် အခြားလိုအပ်သည့် ပစ္စည်းများ လာရောက်လှူဒါန်းသူများလည်း တဖြည်းဖြည်းချင်း နည်းပါးသွားကြပေပြီ။

တွေ့ဆုံမေးမြန်းနိုင်ခဲ့သည့် ဒုက္ခသည်အများစုက ယခုကဲ့သို့ စေတနာအလှူရှင်များထံမှ အကူအညီများ ဆက်လက်လိုအပ် နေသေးကြောင်း ပြောပြကြသည်။ နိုင်ငံကိုအုပ်ချုပ်နေသည့် စစ်အစိုးရက သူတို့ကို လုံးဝလျစ်လျူရှုထားခဲ့ပြီး အစိုးရ အပေါ် အားကိုး၍ မရနိုင်သည်ကိုလည်း သူတို့က သိနေကြသည်။

ယခုအခါ အစိုးရမဟုတ်သည့် အဖွဲ့အစည်း (အန်ဂျီအို) တချို့ မုန်တိုင်းသင့်ဒေသများတွင် ၀င်ရောက်ဆောင်ရွက်ခွင့် ရနေပြီ ဖြစ်သော်လည်း စစ်အစိုးရ၏ ခေါင်းမာမှု၊ တင်းကျပ်မှုများကြောင့် ဤအဖွဲ့များလည်း မကြာခင်ထွက်သွားရဖွယ် ရှိနေသည် ဟု ဒုက္ခသည်များက စိုးရိမ်နေကြသည်။

မုန်တိုင်းဒဏ်သင့်ပြီး ရှင်ကျန်ခဲ့ရသူ လူအများအတွက်မူ မုန်တိုင်းပြီးပြီးချင်း စေတနာအလျှောက် သူတို့ကို လာရောက်ကူညီ ခဲ့ကြသည့် အလှူရှင်များက အစားအသောက်နှင့် အ၀တ်အထည်များသာမက ဤထက်ပို၍ သူတို့ကို ကူညီနိုင်ခဲ့ကြသည်။ မုန်တိုင်းအပြီး ကြံ့ကြံ့ခံရပ်တည်နိုင်အောင် ခွန်အားများ ဖြည့်ဆီးပေးနိုင်ခဲ့ကြသည်။

သူတို့က ရှိသမျှကို လာရောက်ပေးကမ်းလှူဒါန်းခဲ့ကြသော်လည်း ဤပုဂ္ဂလိက စေတနာအလှူရှင်များက အဖွဲ့အစည်းများမှ အကူအညီပေးရေးဝန်ထမ်းများထက် ပိုစွမ်းနိုင်ခဲ့ကြသည်။ သူတို့က ဆွေမျိုးရင်းချာပမာ အေးအတူပူအမျှဖြစ်ကြောင်း နွေးထွေးစွာ ပြသခဲ့ကြသည်။ ဤသူများက မုန်တိုင်းသင့် ဒုက္ခသည်များနှင့် စကားစမြည်ပြောဆိုရင်း၊ သူတို့၏ ဖြစ်ရပ်ကုန် စင် ကို နားထောင်ပေးရင်း ဤဒုက္ခသည်များ တုန်လှုပ်ဖွယ် ပျက်စီးဆုံးရှုံးခဲ့ရမှုများ၊ ပူဆွေးသောကများအတွက် များစွာ လိုအပ် နေသော နှစ်သိမ့်ဆွေးနွေးမှုများ၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားများလည်း ပံ့ပိုးပေးနိုင်ခဲ့ကြသည်။

“သူတို့ လိုအပ်နေတာက စားစရာ တခုတည်း မဟုတ်ဘူး”ဟု ဒုက္ခသည် ထောင်ပေါင်းများစွာကို ကူညီခဲ့သည့် ဖျာပုံမြို့ ကျိုက်မှော်ဝန်း ဘုရားမှ ရဟန်းတပါးက ပြောသည်။

“သူတို့က သူတို့ခံစားနေရတဲ့ ပူဆွေးသောကတွေကို တစုံတရာ သက်သာစေဖို့ နှစ်သိမ့်တဲ့ အပြုံးတွေလည်း လိုတယ်”ဟု လည်း အဆိုပါ ရဟန်းက ပြောသည်။

မုန်တိုင်းအတွင်း သူမ၏ ၅ နှစ် အရွယ် သားကလေးနှင့် ပိုင်ဆိုင်မှုများ အားလုံးဆုံးရှုံးပျက်စီးခဲ့ရသူ ဒေါ်ခင်စန်းမြင့်ကမူ အလှူရှင်များထံမှ နှစ်သိမ့်အားပေးသည့် စကားများသာ မကြားရပါက သူရူးသွပ်သွားဖွယ်ရှိကြောင်း ပြောပြခဲ့ပါသည်။

“သူတို့က အမ ... ဘယ်လိုနေလဲလို့ မေးကြတယ်။ ဒီအခါ ကျမလည်း ကိုယ်ဆုံးရှုံးခဲ့ရတာကို နည်းနည်းတော့ သက်သာ တာပေါ့”ဟု အသက် ၄၂ နှစ် အရွယ် အမျိုးသမီးတဦးက ပြောပြပါသည်။

ယခုတော့ မုန်တိုင်းသင့်ဒုက္ခသည်များထံသို့ အလှူရှင်များ နည်း၍နည်း၍ ရောက်လာနေခဲ့ကြပြီ။ ဒေသခံ အန်ဂျီအိုအဖွဲ့များ ကလည်း မည်မျှအတိုင်းအတာအထိ သူတို့ကို ဆက်လက်ကူညီနိုင်မည်ကို မသိနိုင်သေးပါ။

လေ့လာသူများကမူ ယခုကဲ့သို့ အလှူရှင်များ လျှော့နည်းသွားရခြင်းမှာ ဒေသခံအာဏာပိုင်များက စေတနာအလျှောက် လှူဒါန်းရန် လာကြသူများကို နှောင့်ယှက် ဟန့်တားမှုများ ရှိခဲ့သောကြောင့်ဟု ဆိုကြပါသည်။

အလှူရှင်များက ဆိုကြရာတွင် သူတို့အနေဖြင့် လမ်းဖြတ်သန်းခ၊ တံတားခွန်များနှင့် ဧရာဝတီတိုင်းသို့ ပစ္စည်းသယ်ယူနိုင် ရေးအတွက် မတန်တဆကြေးများကို ပေးခဲ့ကြရသည်ဟု ပြောပြကြပါသည်။ ထိုမျှမက လမ်းလျှောက်ရှိ စစ်ဆေးရေးဂိတ် များတွင်လည်း စစ်ကြောမေးမြန်းမှု အကြိမ်ကြိမ်ကြုံတွေ့ခဲ့ကြရပါသည်။

အချို့ဖြစ်ရပ်များတွင် အလှူရှင်များ၏ ကားများကို အာဏာပိုင်များက သိမ်းဆည်းခြင်း၊ နောက်ပြန်လှည့်စေခြင်းများလည်း ကြုံတွေ့ခဲ့ကြရပါသည်။ တချို့အလှူရှင်များမှာမူ သူတို့လှူဒါန်းသည့် ပစ္စည်းများကို အရည်အသွေးမကောင်းသည့် ပစ္စည်း များဖြင့် လဲလှယ်၍ ပြန်လည် ဖြန့်ဝေပေးသည်ကို ကြုံတွေ့ခဲ့ကြရပါသည်။


ပြည်တွင်းရှိ အန်ဂျီအိုအဖွဲ့အစည်းတခုဖြစ်သည့် မြန်မာ အီး-ဂရက်စ် (Myanmar Egress) အဖွဲ့တွင် လုပ်ကိုင်နေသူ စေတနာ့ဝန်ထမ်းတဦး၏ အတွေ့ အကြုံအရ လပွတ္တာသို့ သူတို့အကူအညီပေးရန် အသွားတွင် စစ်ဆေးရေးဂိတ်တခု၌ သူတို့ ၏ ကားကို ရပ်တန့်စေပြီး အရည်အသွေးမြင့်ဆန်အိတ် များကို အရည်အသွေးညံ့သည့် ဆန်အိတ်များနှင့် လဲလှယ်၍ ပေးလှူ ခိုင်းသည်ကို ကြုံတွေ့ခဲ့ရ ကြောင်း ဆိုပါသည်။

“သူတို့ (ဒေသခံအာဏာပိုင်များ) က ပြောတယ်။ သူတို့ညွှန်ကြားချက်ကို မလိုက်နာဘူးဆိုရင် ကျနော် တို့ ပြန်လှည့်ရုံပဲ ရှိတယ်လို့ ပြောလာတယ်”ဟု ၎င်းစေတနာ့ဝန်ထမ်းက ပြောပါသည်။

“ကျနော်တို့လည်း တခြားရွေးစရာလမ်း မရှိတော့ဘူး”ဟု စသည်ဖြင့် သူတို့လိုက်နာခဲ့ကြရကြောင်း ပြောပါသည်။

တချို့အလှူရှင်များမှာမူ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရစဉ် သူတို့၏ ပစ္စည်းများ သိမ်းဆည်းခံကြရကြောင်းလည်း စောဒကတက် ပြောပြကြသည်။

သီတဂူဆရာတော် အရှင်ဥာနိဿရအပါအ၀င် နာမည်ကြီးဆရာတော်၊ သံဃာတော်များမှာလည်း ဒေသခံအာဏာပိုင်များ၏ အနှောင့်အယှက်ပေးမှုများနှင့် မလွတ်ကင်းခဲ့ပါ။ ရင်ဆိုင်ဖြေရှင်းခဲ့ကြရပါသည်။

မေလ တတိယပတ်တွင် မုန်တိုင်းသင့်ဒုက္ခသည်များထံ ဖြန့်ဝေပေးမည့် ဤဆရာတော်၏ ဆန်အလှူကား၂ စီးကို ပန်းလှိုင် တံတားအနီး စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရန်ဟုဆိုကာ တားဆီးခံခဲ့ရပါသည်။ ပန်းလှိုင်တံတားမှာ ရန်ကုန်မှ ဧရာဝတီ တိုင်းသို့ သွားရာလမ်းတွင် ဖြတ်သန်းကြရသည့် တံတားတခု ဖြစ်ပါသည်။ ရဲများက ဆန်ကားတစီးသာ သွားခွင့်ပြုနိုင်မည်၊ အခြားဆန်ကားတစီးကို သိမ်းဆီးရလိမ့်မည်ဟု ဆိုလာပါသည်။

မုန်တိုင်းသင့် ဧရာဝတီတိုင်းသို့ ဦးတည်ထွက်ခွာနေသော ပုဂ္ဂလိက အလှူရှင်ကားတန်း (ဓာတ်ပုံ - မင်းခက်မောင်/ဧရာဝတီ)

လေ့လာသူ အများစုကမူ ယခုကဲ့သို့ စေတနာအလှူရှင်များ မြန်မြန်ဆန်ဆန် အရေအတွက် လျော့ကျလာခဲ့ရခြင်းအတွက် အာဏာပိုင်များ၏ ပိတ်ဆို့မှုများအပေါ်ကိုသာ အပြစ်ဖို့ကြပါသည်။ တချို့ကမူ ကြပ်တည်းလာသည့် စီးပွားရေးအခြေအနေ နှင့်လည်း သက်ဆိုင်လိမ့်မည်ဟု ဆိုကြပါသည်။

အမည်မဖော်လိုသည့် စီးပွားရေးလေ့လာသုံးသပ်နေသူတဦးကမူ မြို့ပြများရှိ လူလတ်တန်းစား ပြည်သူများအနေဖြင့် သူတို့ စွမ်းနိုင်သမျှ အများဆုံး ကူညီထောက်ပံ့ပေးခဲ့ကြပြီဟု သုံးသပ်ပါသည်။

“သူတို့မှာလည်း အကန့်အသတ်ရှိတယ်”ဟု သူက ပြောသည်။ စီးပွားရေးသင့်တင့်ချောင်လည်သူများပင်လျှင် မြင့်တက်လာ နေသည့် လူနေမှုစရိတ်များကို ရုန်းကန်နေကြရသည်ဟု မှတ်ချက်ပေးပါသည်။ စီးပွားရေးစီမံခန့်ခွဲမှု လွဲချော်မှားယွင်းမှု များ ကြောင့်လည်း နိုင်ငံတ၀န်း ပို၍ ဆင်းရဲကြပ်တည်းလာနေရပါသည်။

“အခုတော့ သူတို့ဒုက္ခသည်တွေကို ထပ်လှူဖို့ရာ မကျန်ကြတော့ဘူး”ဟု လည်း သူက ထင်မြင်ချက်ကို ပြောသည်။

ယခုကဲ့သို့ လူအများက စေတနာအလျှောက် မုန်တိုင်းသင့်ဒုက္ခသည်များထံ အလုံးအရင်းဖြင့် လှူဒါန်းခဲ့ကြသူများကို သူက “လူသားချင်းစာနာစိတ်” ဖြင့် အလိုအလျှောက် မည်သူ့တိုက်တွန်းချက်မှ မပါဘဲ တုံ့ပြန်ခဲ့ကြခြင်းသာ ဖြစ်သည်ဟု ဆိုပါ သည်။ ဤသို့လှူဒါန်းခြင်းအားဖြင့် မြန်မာလူမှုအဖွဲ့အစည်းတွင် ပေါကြွယ်ဝနေသည်ဟု တွက်ဆ၍ မရနိုင်သကဲ့သို့ နိုင်ငံကို အုပ်ချုပ်နေကြသည့် စစ်အစိုးရက တွန့်တို စေတနာမဲ့နေပုံမှာလည်း ၎င်းစစ်ဗိုလ်ချုပ်များတွင် ငွေမရှိဟု တွက်ဆ၍ မရနိုင် ကြောင်း ပြောပြပါသည်။

မုန်တိုင်းသင့် ဒုက္ခသည်များထံ အ၀တ်အစားများ အကူအညီပေးရန် လှုံ့ဆော်စည်းရုံးခဲ့သူ တက္ကသိုလ်ကျောင်းသူ မဇင်ဇင် ကမူ ယခုအခါ အ၀တ် ဟောင်းများပင် အလှူခံရန် ခက်ခဲနေပြီဟု ဆိုပါသည်။

“ကျမတို့ ဆက်သွယ်ခဲ့တဲ့သူတွေက တကယ်ပဲ ကူညီချင်ကြပါတယ်။ အခုတော့ သူတို့လည်း ပေးဖို့ မကျန်တော့ဘူး”ဟု အသက် ၂၂ နှစ် ရှိ မဇင်ဇင်က ဆိုပါသည်။

“ကျမကိုယ်တိုင်လည်း အ၀တ် ၃ စုံပဲ ကျန်တော့တယ်”ဟု သူက ထပ်မံ ဖြည့်စွက်ပြောပြပါသည်။

သတင်းထောက်တဦးကလည်း“စေတနာအလှူရှင်တွေက သူတို့ အတတ်နိုင်ဆုံး လုပ်ပေးခဲ့ကြပါတယ်”ဟု ပြောပါသည်။

“အခုတော့ နိုင်ငံတကာအဖွဲ့အစည်းတွေကိုပဲ အားထားကြရတော့မှာပဲ”ဟု လည်း သူကဆိုပါသည်။
မင်းခက်မောင် ရေးသားသည့် Obstacles Force Donors to Abandon the Delta ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။

0 Comments: