Thursday, August 7, 2008

မဝေးတော့သည့်အနာဂတ်

(၁)
ပြီးခဲ့သည့် စက်တင်ဘာ ရွေဝါရောင် တော်လှန်ရေး နောက်ပိုင်းတွင် မိမိတို့သံဃာများထံသို့ လူထုထံမှ ပဲတင်ထပ်သံ များ နားနဲ့မဆန့်အောင်ကြားခဲ့ရ၏။ မိမိအားလည်း ဒကာနှစ်ဦးထံမှ သူတို့ရဲ့အမြင် တွေကို ပြောလာတာကို ကြားခဲ့ရပါတယ်။ တစ်ဦးကတော့ “ဦးဇင်းတို့ တွေဒီလို ငြိမ်းငြိမ်းချမ်းချမ်း အမှန်တရားဘက်က ဖေါ်ထုတ်ပေး ကြတာ တပည့်တော်တို့ဂုဏ်ယူပါတယ် ဘုရား။ ဒီလိုသာမီးမောင်းထိုးမပြရင် ဒီ စစ်အစိုးရ အုပ်ချုပ်နေတဲ့အမှား ယန္တယား ကြီး ဟာ ကြာလာရင် ပြည်သူတွေ အမှန်ထင်လာနိုင်တယ်ဘုရား။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သတင်းနဲ့ပြန်ကြား ရေး ကို ချုပ်ကိုင်ထားတော့ ပြည်သူတွေနားထဲ၊မျက်စိထဲကို ဝါဒ ဖြန့် မိုးလုံးပြည့် မုသာဝါဒတွေ၊ ဝါဒဖြန့် သတင်းဓါတ်ပုံ၊ရုပ်ရှင်၊ဗွီဒီယို စတဲ့ မဟုတ်မမှန်တာကို ဟုတ်မှန်သယောင် လုပ်ကြံ ပစ်သွင်းနိုင်တာကိုးဘုရား။ ယခုတော့ကမ္ဘာကကော၊မြန်မာကကော ဦးဇင်းတို့ကျေးဇူးကြောင့် မြန်မာဆိုတာ မဟုတ်တာကို ငုံ့ခံတက်တဲ့သူမဟုတ်ဘူးဆိုတာ အရင်ထက်ပိုသိလာကြပြီဘုရား။ တပည့်တော်တို့မှာ လည်း တာဝန်ရှိ ပါတယ်ဘရား၊ ဆရာဒကာ လက်တွဲ၍ အမှန်တရားကို ဖေါ်ထုတ်သွားကြ တာပေါ့ဘုရား”။

အခြားတဦးထံမှလည်း အထက်ပါနှင့်မတူသော အယူအဆကိုကြားရပြန်ပါသေးတယ်။”ဦးဇင်းတို့ ရေ ညောင်သီးလည်းစာပေါ့၊သို့သော် လေးသံလည်းနားထောင်အုံးဘုရား။ တပည့်တော်လည်း ဒီစစ်အစိုးရကို မကြိုက်ပါဘူး။ ဒါပေမဲ့ ကိုယ့်ဝဋ်ကြွေးကြောင့်ပဲ ဒီမင်းဆိုးမင်းညစ်နဲ့နေနေရတာပဲ လို့ သက်မှတ်ပြီး မချစ်သော်လည်းအောင့်ခါနှမ်းနေရတယ်။ ဦးဇင်းသိတဲ့အတိုင်းဒီလိုမှ မနေရင် တပည့်တော်တို့ဆွေစဉ်မျိုးဆက် စစ်အစိုးရ နှိပ်စက်လို့နလံထူနိုင်မှာ မဟုတ်ဘူး ဘုရား”။
အထက်ပါစကားနှစ်ရက် အနုသန္ဓေစပ် ကြည့်သောအခါ ပထမဒကာ၏စကား ရပ်၌ သံဃာတွေ အမှန်တရားကို ဖေါ်ထုတ်ပေးခဲ့လို့ အမှန်တရား ကို လူတွေသိခွင့် ရခြင်းဖြစ်၏။အကယ်၍သာ မဖေါ်ထုတ်ခဲ့ရင် “အမှားကြာလို့အမှန်ထင်၊ အမှန်စင်စစ်၊အမှားဖြစ်လိမ့်”။ဆိုတဲ့အတိုင်း အမှားသံသရာက ပြည်သူတွေရုန်းထွက်နိုင်မှာ မဟုတ်ကြောင်း ဝဏ္ဏနာသံ(ချီးမွှမ်းမြှောက်ပင့်သံ) ဖြင့် ပြောကြားတဲ့အသံဖြစ်ကြောင်းမိမိယူဆမိ၏။ ဒုတိယ တစ်ဦး၏အသံကတော့ နိုင်ငံရေးနဲ့ပတ်သတ် ၍ သံဃာတွေ အပေါ်မှာကော၊ သူနှင့်သူ့မိသားစုအပေါ်မှာကော စိုးရိမ်ကြောင့်ကြစိတ် တွေ ပြည့်နှပ်နေသော အသံဖြစ်ကြောင်းသိသာထင်ရှား လှ ပေ၏။

(၂)
မြန်မာနိုင်ငံ၌ ယခုရင်ဆိုင်နေရသော ဒုက္ခများ သက်ဆိုးရှည်အောင် လက်ရှိစစ်အစိုးရ သည် အကြောက်တရားများ ဖြင့် ခြိမ်းခြောက်ပြီး အုပ်ချုပ်ထားသောကြောင့်ဖြစ်၏ဟု မိမိယူဆချင်ပါသည်။
ပြည်သူတွေ လူ့အခွင့်အရေး ဆိုင်ရာ အမှန်တရားများကို မပြောရဲအောင်၊မလုပ်ရဲအောင် နည်းမျိုးစုံဖြင့်နှောင့်ယှက်တားဆီးပိတ်ပင်မူများကိုစနစ်တကျပြုလုပ်သည်မှာစစ်တပ်၏သေနင်္ဂပျူဟာတခုပင်ဖြစ်ပါသည်။ ပြည်သူများလူထုတော်လှန်ရေးကို အဆက်မပြတ်မပြုလုပ်ရဲအောင် နအဖ ၏ အဓိကနည်းဗျူဟာမှာ ဥပဒေမဲ့စွာ ဖမ်းဆီး၊နှိပ်စက်၊ထောင်ချ၊သက်ဖြတ်ခြင်းများပင်ဖြစ်၏။
“မြန်မာတိုင်းသူပြည်သားတို့ဟာ ကျိုးနွံတယ်ဆိုတဲ့ အောက်တန်းကျစိတ်များကို ဖယ်ရှားပစ် ကြရမယ်။ မြန်မာတိုင်းသူပြည်သားတို့ဟာ စွမ်းရည်သတ္တိရှိကြောင်း၊ ပညာရှိကြောင်းနဲ့ မဟုတ် မခံစိတ်ဓာတ်ကိုပြရမယ်။ ဒီလိုပြနိုင်ရင် ကျုပ်တို့ကို ဘယ်သူကမှ စော်ကားရဲ ဖိနှိပ်ရဲမှာ မဟုတ်တော့ဘူး။ ဘယ်လို အင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့အစိုးရဖြစ်ဖြစ် တိုင်းရင်း သားအပေါင်း စည်းလုံးညီညာစွာနဲ့ တွန်းလှန်နိုင်ကြရင် တာရှည်ခံနိုင်မယ်မဟုတ်ပါဘူး၊ ကိုယ့် ရည်မှန်းချက် အောင်စေချင်ရင် နောက်မတွန့်ကြနဲ့။
ကြောက်အားမပိုကြနဲ့၊ ဒုက္ခကို ပဓာနမထားကြနဲ့၊ ဟုမ္မရူးတို့ လွတ်လပ်ရေးတို့ဆိုတာ ကျုပ်တို့ ရထိုက်တဲ့ ကမ္ဘာ့အမွေအနှစ်ကြီးများဖြစ်တယ်။ ဗျူရိုကရေစီဝါဒသမားတွေက ဘယ်လောက်ပဲ နှောင့်ယှက် နှောင့်ယှက် တကယ်ရအောင်လုပ်နိုင်တဲ့ သဘောမှန်ဟာ တိုင်းသူပြည်သားတို့ လက်ထဲမှာသာရှိတယ်။”
(ဆရာတော်ဦးဥတ္တမ)

“အလုပ်တစ်ခုဖြစ်လာပြီဆိုရင်အမှတ်တမဲ့ မနေကြပါနဲ့။ဗမာတွေထင်နေတာက မလုပ်၊ မရူပ်၊ မပြုတ်ဆိုပြီးတော့ အေးအေး ဆေးဆေး နေရရင် ပြီးရောလို့ ထင်နေတယ်။ ဒီကနေ့ ဗမာပြည်မှာ ဘာဖြစ်လို့အခုလိုဖြစ်နေသလဲဆိုတော့ဗမာတွေအေးအေးဆေးဆေးနေလို့။အေးအေးဆေးဆေးနေတယ်ဆိုတာ တာဝန်ယူရမှာကိုတာဝန်မယူတာ။အင်္ဂလိပ်လိုပြောရရင် The risk of the action နဲ့ The risk of the in-action လို့ခေါ်ပါတယ်။ အလုပ်တစ်ခုလုပ်တဲ့အခါအလုပ်လုပ်တာလည်း တာဝန်တစ်ခုရှိတယ်။ အလုပ်မလုပ်ပဲနေတဲ့တာဝန်က လုပ်တာကြောင့်ဖြစ်တဲ့တာဝန်ထက်ပိုကြီးတယ်လို့ပြောတယ်။ အင်္ဂလိပ် လိုပြောရင် far greater than လို့ပြောတယ်။ The risk of the in-action is far greater than the risk of the action အဲဒီလိုပြောတယ် “။
(သာသနမောဠိ ဥက္ကဋ္ဌ ပီနန်ဆရာတော်)
အထက်ပါမျိုးချစ်ဆရာတော်ကြီးများရဲ့သြဝါဒကိုကြားရတဲ့အခါတိုင်းပြည်တခုသူ့ကျွန်ဘဝမှလွတ်မြောက်ဖို့၊နိုင်ငံသားအခွင့်အရေး,လူအခွင့်အရေးတွေရရှိဖို့၊ကျွန်ုပ်တို့လူမျိုးတိုင်းမှာတာဝန်ရှိပါသည်။လူတိုင်းတာဝန်သိသိသတ္တိရှိရှိနဲ့မိမိတို့မိမိတို့စွမ်းသလောက် လုပ်ဆောင်သင့်သည်အရာ, လုပ်ဆောင်နိုင်သည့် အရာ များကို အမှန်တရားဖက်မှနေ၍ ရဲရဲဝံ့ဝံ့လုပ်ဆောင်သွားမည်ဆိုရင် မဝေးတော့သည့်အနာဂတ်မှာ--------
သစ္စာရှင်

0 Comments: