Thursday, May 28, 2009

ယနေ့ မေ ၂၈၊ ဒေါ်အောင်းဆန်းစုကြည်နှင့်ပတ်သက်သောသတင်းများ

ယက်တောကြောင့် အခက်ပွေ
ကြာသပတေးနေ့၊ မေလ 28 2009 13:05 - မြန်မာစံတော်ချိန်


ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုနှင့်ပတ်သက်၍ စီရင်ချက်ကို သောကြာနေ့ မေလ ၂၉ ရက်၊ ၂ဝဝ၉ ခုနှစ်တွင် ချမှတ်ရန် စစ်အစိုးရက စီစဉ်ထားခဲ့သော်လည်း အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တော၏ ယမန်နေ့ထွက်ဆိုချက်တွင် သူနှင့် လုံခြုံရေးတာဝန်ယူထားသူများ တွေ့ဆုံခဲ့သည်ဟု ရုံးတော်ကို ပြောကြားခဲ့သဖြင့် တရားခွင်မှ တရားသြူ့ကီများ ခေါင်းရှုတ်သွားရကြောင်း ရဲသတင်းရပ်ကွက်အရ သိရသည်။

လုံခြုံရေးများနှင့် တွေ့ဆုံခဲ့သော်လည်း အနှောက်အယှက်ပြုခြင်းမခံရဆိုသော မစ္စတာယက်တော၏ ထွက်ဆိုချက်များကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ပြစ်ဒဏ်ဖြင့် စီရင်ချက်ကို မနက်ဖြန်တွင် ချမှတ်ရန် စီစဉ်ထားသော်လည်း နောက်တပတ်သို့ ဆက်လက်ရွှေ့ဆိုင်းလိုက်ရဟန်ရှိကြောင်း အဆင့်မြင့်ရဲအရာရှိတဦးက မဇ္ဈိမသို့ ပြောပြသည်။

မစ္စတာ ယက်တောက ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းကို ပထမအကြိမ် ဝင်ရောက်ပြီး ပြန်ထွက်စဉ်တွင် သေနတ်ကိုင်ထားသော မြန်မာလုံခြုံရေးဝန်ထမ်းတဦးနှင့် တွေ့ဆုံခဲ့သော်လည်း မေးမြန်းခံရသည်ကလွဲ၍ အနှောက်အယှက်မပေးသဖြင့် ပြန်သွားနိုင်ခဲ့ကြောင်း ပါရှိသည်။ ထို့အပြင် ဒုတိယတခေါက်တွင် လက်နက်ကိုင်လုံခြုံရေး ငါးဦးနှင့်တွေ့ရာ သူ့ကို ဘာမှအန္တရာယ်မပြုဘဲ ခဲများနှင့်သာ ဝိုင်းပေါက်ခဲ့သည်ဟု ထွက်ဆိုထားခဲ့သည်။

အကြမ်းဖက်အုပ်စုတစုက ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်လုပ်ကြံမည်ဟု မိမိအာရုံမှာပေါ်လာ၍ ဘုရားသခင်က စေလွှတ်လိုက်၍ လာရခြင်းဖြစ်ကြောင်းလည်း ထဲ့သွင်းပြောဆိုသွားသည်။
-------------------------------------
ဦးကြည်ဝင်း ထွက်ဆိုမည်
ကြာသပတေးနေ့၊ မေလ 28 2009 13:00 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ အမည်စာရင်း တင်သွင်းထားသော သက်သေများ အနက်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်နှင့် ဒေါ်ခင်မိုးမိုးတို့ကို တရားသူကြီးက ပယ်ချခဲ့ပြီးနောက် ယနေ့တွင် ဦးကြည်ဝင်း တဦးသည်သာ သက်သေအဖြစ် ထွက်ဆိုရမှာ ဖြစ်သည်။
ဦးအေးသာအောင်(စီအာပီပီမှ အတွင်းရေးမှူး) နှင့် တွေ့ဆုံမေးမြန်းချက်
“မြန်မာနိုင်ငံမှာ ၈၈ လူထု အုံကြွမှုကနေ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ တောင်းဆိုခဲ့ကြတယ်။ တိုက်ပွဲဝင်ခဲ့ကြတယ်။ ဒါပေမဲ့ ယနေ့ ချိန်ထိ နဝတ၊ နအဖ အာဏာပိုင်တွေက ပထမတော့ လိုက်လျောမယ့် ပုံစံနဲ့ ပါတီတွေ တည်ထောင်ခွင့်ပေးခဲ့တယ်။ ရွေးကောက်ပွဲ ဝင်ခွင့်ပြုခဲ့တယ်။ အများကတော့ ပြည်သူတွေရဲ့ ဆန္ဒကို တကယ်အကောင်းအထည်ဖော် လိုက်လျှော်လိမ့်မယ်လို့ ယူဆကြတယ်။ ဒါပေမဲ့ တဖြည်းဖြည်း ၁၉၉ဝ ရွေးကောက်ပွဲလည်း ပြီးခဲ့အခါကြတော့ သူတို့အနိုင်မရတဲ့အခါမှာ နိုင်ငံရေးပါတီကို အကြပ်ကိုင်လာတယ်။ ဖိနှိပ်လာတယ်။ နည်းအမျိုးမျိုးနဲ့ ပျက်သွားအောင် အားနည်းသွားအောင် လုပ်လာတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တကယ်တော့ အများပြည်သူ ထင်ခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အကောင်အထည် ဖော်မယ်လို့ ယုံခဲ့တဲ့ ထင်ခဲ့တဲ့ဟာ ဒီနေ့ အချိန်အခါ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ ယှဉ်ကြည့်လိုက်မယ်ဆိုရင် အဲဒီတုန်းကလည်းပဲ အယောင်ဆောင်ပြီးတော့ လူထုရဲ့ ဆန္ဒကို လိုက်လျော်မပေးတဲ့အပြင် သူတို့ အာဏာတည်မြဲအောင် လုပ်နေတယ်ဆိုတာ ထင်ရှားနေတယ်။”

“အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က လွတ်ပေးရမဲ့ အခြေအနေမှာ သူတို့ ကြိုတင်ကြံစည်ထားတဲ့ ရည်ရွယ်ချက်တဲ့ ထောင်တွင်း အကျဉ်းချဖို့လုပ်နေတာဟာ လက်ရှိ အာဏာတည်မြဲဖို့ လုပ်နေတာပဲ။”
-------------------------------------
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တောင်းဆိုချက် စစ်အစိုးရ လစ်လျူရှု
ကြာသပတေးနေ့၊ မေလ 28 2009 11:36 - မြန်မာစံတော်ချိန်

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်မှု ရရှိရေးအတွက် စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်ကို စစ်အစိုးရက လစ်လျူရှုလိုက်ပြီး ရွေးကောက်ပွဲ လုပ်မည်ဟုသာ တုံ့ပြန်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲကာ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ထားမှု ဖြစ်ပွားပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ကြေညာချက်တရပ် ထုတ်ပြန်ခဲ့သည့်အပေါ် နေပြည်တော်က တုံ့ပြန်ချက်ကို ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားရာ လူထုလူတန်းစား အသီးသီး ပါဝင်ရေးဆွဲသော အခြေခံဥပဒေ တရပ်ရှိနေပြီး ဆက်လက်၍ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပသွားမှာ ဖြစ်သည်ဟု ပြောထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မေလ ၂၂ ရက်နေ့က မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းများနှင့် တိုင်းရင်းသားများ တွေ့ဆုံ ဆွေးနွေးရေးအတွက် လိုအပ်သော အခြေအနေကောင်းများ ဖန်တီးပြီး ကုလသမဂ္ဂ အထောက်အပံ့ဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက်ရန် မြန်မာစစ်အစိုးရကို တောင်းဆိုခဲ့သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရန်လည်း ပါရှိသည်။

သို့သော် နအဖစစ် အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုခြင်းသည် တရားဥပဒေ စိုးမိုးရေး လုပ်ငန်း တရပ်သာဖြစ်ပြီး နိုင်ငံရေးအရ အကျိုးသက်ရောက်မှု တစုံတရာ မရှိနိုင်ကြောင်း စစ်အစိုးရက ပြောဆိုလိုက်သည်။

စစ်အစိုးရက လူထုလူတန်းစား အသီးသီးမှ ကိုယ်စားလှယ် ၁၀၀၀ ကျော်ဖြင့် အခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးသူ ၉၂.၄၈ ရာခိုင်နှုန်းက ထောက်ခံမှု ပေးခဲ့သည်။ ထို့ကြောင့် လမ်းပြမြေပုံ၏ နောက်တဆင့်အရ ရွေးကောက်ပွဲကို ပြုလုပ်မှာ ဖြစ်သည်ဟု ဆိုသည်။
မဇ္ဈိမမှကူးယူဖေါ်ပြပေးပါသည်။

0 Comments: