Thursday, September 11, 2008

ယနေ့သတင်းများကို စုပေါင်းဖက်ကြရအောင်။

11th September,

မနီလာသိန်း အဖမ်းခံရသည်ဟု သတင်းများထွက်

ကိုသက် | စက်တင်ဘာ ၁၁၊ ၂၀၀၈
လွန်ခဲ့သည့်နှစ်ကတည်းက စစ်အစိုးရ၏ မတရားလိုက်လံဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ မနီလာသိန်း ယမန်နေ့ညက အဖမ်းခံရသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်ထွန်းက “မနီလာသိန်း အဖမ်းခံရတယ် ကြားတယ်။ သူနဲ့နီးစပ်တဲ့လူတယောက်က ပြောတာ” ဟု ဧရာဝတီကို ပြောသည်။
မနီလာသိန်း၏ လုပ်ဖော်ကိုင်ဖက်တဦးကလည်း ယမန်နေ့ညနေကတည်းက မနီလာသိန်း၏ လက်ကိုင်ဖုန်းကို ခေါ်သည့်အခါ ဌာနကပိတ်ထားသည်ဟုသာ ဖြေကြားသဖြင့် အဖမ်းခံရသည်ဟု ယူဆရကြောင်း ပြောသည်။
ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီ လူငယ်တဦးကလည်း ယမန်နေ့ညပိုင်းက မနီလာသိန်းပုန်းခိုသည့်နေရာမှ တခြားနေရာတခုသို့ ပြောင်းရွှေ့စဉ် အဖမ်းခံရသည်ဟု ကြားသိရကြောင်း ပြောသည်။
မနီလာသိန်း၏ ခင်ပွန်းဖြစ်သူ ကိုဂျင်မီ (ခ) ကိုကျော်မင်းယုသည်လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်ပြီး လွန်ခဲ့သည့်နှစ် သြဂုတ်လကတည်းက တခြားကျောင်းသားခေါင်းဆောင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။ ၎င်းတို့အား ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် တနှစ်ကျော်ကြာထိန်းသိမ်းထားခဲ့ပြီး မကြားသေးမီကစတင်၍ ရုံးထုတ်စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။

မနီလာသိန်းသည် ၈၈ မျိုးဆက်ကျောင်းသူ မမီးမီး၊ အန်အယ်လ်ဒီပါတီဝင်များဖြစ်ကြသည့် မစုစုနွေး၊ မဖြူဖြူသင်းတို့နှင့်အတူ ၂၀၀၇ ခုနှစ် သြဂုတ်လ အတွင်း ရန်ကုန်တွင် ပြုလုပ်သည့် ကုန်ဈေးနှုန်းနှင့် လောင်စာဆီဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲများကို ဦးဆောင်ခဲ့သဖြင့် စစ်အစိုးရ၏ လိုက်လံဖမ်းဆီးမှုမှ ရှောင်တိမ်းနေရင်း နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။
လူ့အခွင့်အရေးလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်သူများ၊ နိုင်ငံရေး ပဋိပက္ခများတွင် အကြမ်းမဖက်သည့်နည်းဖြင့် တစိုက်မတ်မတ် ရင်ဆိုင်ဖြေရှင်းကြသူများကို ချီးမြှင့်လေ့ရှိသည့် Czech နိုင်ငံ အခြေစိုက် People in Need အဖွဲ့၏ ၂၀၀၇ ခုနှစ်အတွက် Homo Homini ဆုကို မနီလာသိန်း၊ မစုစုနွေးနှင့် မဖြူဖြူသင်းတို့ ၃ ဦးက ပူးတွဲဆွပ်ခူးခဲ့ကြသည်။
မနီလာသိန်းသည့် ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်ခဲ့သောကြောင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၀၅ ခုနှစ်တွင် ပြန်လည်လွတ်မြောက်သည်။

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ အစီအရင်ခံစာ ထုတ်ပြန်
ဧရာဝတီ| စက်တင်ဘာ ၁၁၊ ၂၀၀၈
ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) က ၎င်း၏ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီ၏ ယခုတခေါက် မြန်မာပြည် ခရီးစဉ်မှာ မတ်လက သွားခဲ့သည့် ခရီးစဉ်ထက် အပြုသဘော ပိုဆောင်ကြောင်း ထုတ်ပြန်လိုက်သည်။
မတ်လက မစ္စတာဂန်ဘာာရီ မြန်မာပြည်သို့ သွားခဲ့သည့် ခရီးစဉ်မှာ UNSC အနေနှင့် စိတ်ပျက်စရာ ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့် သြဂုတ်လအတွင်းက သွားခဲ့သည့် မြန်မာပြည် ခရီးစဉ်မှာမူ များစွာ တိုးတက်ခဲ့သည်ဟု မနေ့က ထုတ်ပြန်သည့် အစီအရင်ခံစာတွင် ဖော်ပြခဲ့သည်။
မစ္စတာ ဂမ်ဘာရီအနေနှင့် မြန်မာပြည်တွင်းသို့ ပြန်မသွားခင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ မြန်မာ မိတ်ဆွေများအဖွဲ့ (အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဗီယက်နမ်)၊ ကုလသမဂ္ဂ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများဖြစ်သော သြစတေးလျ၊ နော်ဝေ၊ ဂျပန်၊ ကိုရီးယားနှင့် ဥရောပ နိုင်ငံများ နှင့် အချက် ၅ ချက်ကို ဆောင်ရွက်ခဲ့ရန် သဘောတူခဲ့သည်။
၎င်း အချက် ၅ ချက်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန်၊ အများယုံကြည်လက်ခံ သော နိုင်ငံရေး ဖြစ်စဉ်တခု ပေါ်ထွန်းရန်၊ စီးပွားရေးအကြပ်အတည်း ပြဿနာများ ဖြေရှင်း ရန် ကုလသမဂ္ဂနှင့် ပုံမှန်ဆက်ဆံရေး ကောင်းမွန်စေရန် မြန်မာစစ်အစိုးရအား တိုက်တွန်း ရန်တို့ ပါရှိသည်။
မစ္စတာဂန်ဘာရီ၏ သြဂုတ်လ မြန်မာပြည် ခရီးစဉ်တွင် ဝန်ကြီး ဦးစိုးသာနှင့် မစ္စတာဂန်ဘာရီတို့ ၂ ဦး စီးပွားရေးချွတ်ခြုံကျနေမှုနှင့်ပတ်သက်သည့် ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူခဲ့ကြ သည်ဟု သံတမန်အသိုင်းအဝန်းမှ ကြားသိရသည်။
မနေ့က ထုတ်ပြန်သည့် အစီအရင်ခံစာတွင် မစ္စတာဂန်ဘာရီက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် စစ်အစိုးရကြား သဘောတူညီချက်များ ရှိနေပြီဟု ပါရှိသည်။
“မစ္စတာဂန်ဘာရီအနေနဲ့ NLD နဲ့ စစ်အစိုးရကို သဘောတူညီချက်တွေ ပြုလုပ်နိုင်ဖို့ ညွှန်ပြ ပေးနိုင်ခဲ့တယ်။ ဒါဟာ တွေ့ဆုံဆွေးနွေးရေးအတွက် နိဒါန်းပါပဲ။ ဒါ့အပြင် UN အနေနဲ့ မြန်မာပြည်အတွင်းမှာ ဆက်ဆံရေး ကောင်းမွန်ပြီး လုပ်ငန်းစဉ်တွေ ချောမွေ့စေဖို့ အများကြီး အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်” ဟု ၎င်း အစီအရင်ခံစာတွင် ဖော်ပြထား၏။
မစ္စတာဂန်ဘာရီအနေနှင့် မြန်မာပြည်သို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ၆ ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီးဖြစ်သည်။ နောက်ဆုံးအကြိမ်မှာ သြဂုတ် ၁၈ ရက်မှ ၂၃ ရက် အတွင်း ၆ ရက်တိုင်တိုင် သွားခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်အတွက် ယနေ့တွင် မိန့်ခွန်း တရပ်ပြောကြား လိမ့်မည်ဖြစ်သည်။
ဆက်လက်၍ အစီအရင်ခံစာထဲတွင် “မစ္စတာဂန်ဘာရီ၏ မိန့်ခွန်းအပြီး၌ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌက ကြေညာချက် ထုတ်ပြန်ကောင်းထုတ်ပြန်ပါမယ်” ဟု ပါရှိသည်။
၂၀၀၇ အောက်တိုဘာကလည်း UNSC အနေနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ကုလသမဂ္ဂက ဆက်လက်ပါဝင်ဆောင်ရွက်နိုင်ရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရေး၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ ဖြေရှင်းရေး နှင့် လူထု၏ စီးပွားရေး လူမှုရေးလိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရေး စသည်ဖြင့် တောင်းဆိုခဲ့သည်။ UNSC ဥက္ကဌ၏ လာမည့် ကြေညာချက်တွင်လည်း အထက်ပါ အချက်များကိုသာ ထပ်မံတောင်းဆိုသွားမည်ဖြစ်သည်။
ကုလသမဂ္ဂအနေနှင့် မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများအစား တခြားသော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် အစီအစဉ်ရှိသည်ဟု ထိုအစီအရင်ခံစာအရ ယူဆရသည်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့် နောက်တကြိမ်တွေ့
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 11 2008 21:49 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ထိန်းသိမ်းခံ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ကြာသပတေးနေ့တွင် သူမ၏ ရှေ့နေဦးကြည်ဝင်းနှင့် နောက်တကြိမ် ထပ်မံတွေ့ဆုံပါသည်။ သူမအား တရားမဝင် ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ တရားစွဲဆိုရန် ဆွေးနွေးခဲ့သည်ဟု သူမ၏ ရှေ့နေက ပြောပါသည်။

ယနေ့ ကြာသပတေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညနေ ၂ နာရီမှ ၄ နာရီအထိ ၂ နာရီကြာမျှ ခေတ္တ တွေ့ဆုံခဲ့ပြီး သူမအား တရားမဝင် ဆက်လက် ထိန်းသိမ်းထားခြင်းနှင့် စပ်လျဉ်း၍ သူ့ကိုယ်စား သူရေးသားထားသည့် လျှောက်လွှာကို ဆွေးနွေးခဲ့ကြောင်း ဦးကြည်ဝင်းက မဇ္ဈိမကို ပြောပြသွားပါသည်။

“သူ့ကျန်းမာရေးက ကောင်းပါတယ်” ဟု ဦးကြည်ဝင်းက ပြောသွားပြီး၊ တဆက်တည်းတွင် သူမ၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ သူမ၏ မိသားစုရှေ့နေ ဒေါက်တာ တင်မျိုးဝင်းကသာ ထုတ်ဖေါ် ပြောကြားလိမ့်မည် ဖြစ်ကြောင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို အသိပေး ပြောကြားခဲ့သည်ဟု ဆိုပါသည်။

သို့သော် ဦးကြည်ဝင်းက ဆက်လက် ပြောသည်မှာ သူမ အစာငတ်ခံ ဆန္ဒပြနေသည် ဆိုသော ကောလဟလ သတင်းများနှင့် စပ်လျဉ်း၍ နိုဘယ်ဆုရှင်က ဖြေကြားခြင်း မပြုခဲ့ဟု ဆိုပါသည်။

စက်တင်ဘာ ၁ ရက်နေ့က သူမနှင့် တွေ့ဆုံစဉ်ကလည်း အလားတူ မေးခွန်းကို မေးမြန်းခဲ့သေးကြောင်း၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က သူ့ကို “ကျမ နေကောင်းပါတယ်၊ ကိုယ်အလေးချိန်ဘဲ နဲနဲကျနေတယ်” ဟုသာ ပြန်ဖြေခဲ့ကြောင်းဖြင့် ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသွားပါသည်။

သောကြာနေ့ကမူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က သူမသည် သူမထံ ပေးပို့သော အစားအသောက်များကို သြဂုတ်လလယ် ကတည်းက လက်မခံဘဲ ငြင်းဆန်ခဲ့ရာ သူမ၏ ကျန်းမာရေးနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖေါ် ကြေငြာခဲ့ပါသည်။

ဦးကြည်ဝင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ လအတွင်း ၄ ကြိမ် တွေ့ဆုံခဲ့ပြီးဖြစ်ပြီး သူမအား ကန့်သတ်မှုများ ဆက်လက် ပြုလုပ်ထားခြင်းအတွက် အစိုးရထံ လျှောက်ထားရန် ဆောင်ရွက်လျက် ရှိသည်ဟု ပြောပါသည်။

“လျှောက်လွှာကို အစိုးရ ဝန်ကြီးအဖွဲ့ထံ တင်ပါမယ်” ဟု ဦးကြည်ဝင်းက ပြောသွားပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၂ နှစ်ကျော်ကြာမျှ တနည်း မဟုတ်တနည်းဖြင့် ထိန်းသိမ်း ခံခဲ့ရပါသည်။ မြန်မာနိုင်ငံ အထက်ပိုင်း ဒီပဲယင်း မြို့အနီးတွင် သူမ၏ ယာဉ်တန်းကို စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် လူအုပ်က ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည့် ၂ဝဝ၃ ခုနှစ် မေလ ကတည်းက နောက်ဆုံးအကြိမ် ဖမ်းဆီး ထိန်းသိမ်းထားခံခဲ့ရခြင်း ဖြစ်ပါသည်။

ယခုနှစ် မေလက သူမ၏ အကျယ်ချုပ် သက်တမ်းကို စစ်အစိုးရက နောက်တကြိမ် ထပ်မံသက်တမ်း တိုးမြင့်ခဲ့ပါသည်။ သို့သော် သူမပါတီ အဖွဲ့ဝင်များနှင့် သူမကို ထောက်ခံသူများက စစ်အစိုးရသည် မြန်မာပြည်၏ ဥပဒေကို ချိုးဖောက်ခဲ့ကြောင်း၊ ဤဥပဒေအရ မည်သူ့ကိုမျှ တဆက်တည်း ၅ နှစ်ထက်ကျော်၍ ထိန်းသိမ်းထား၍ မရကြောင်း ပြောဆိုခဲ့ကြပါသည်။

သို့သော် စစ်အစိုးရကမူ သူတို့၏ ဤဥပဒေကို အဓိပ္ပါယ် ဖွင့်ဆိုချက်အရ ထိန်းသိမ်းမှု သက်တမ်းကို ၆ နှစ်အထိ တိုးမြင့် သတ်မှတ်နိုင်ကြောင်း ပြောဆိုပါသည်။

မြင်းခြံတွင် တက္ကသိုလ်ကျောင်းသားတဦး ဓါးထိုးခံရ၍ သေဆုံး
ဗထူး။ စက်တင်ဘာ ၁၁၊ ၂၀၀၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဒီဂရီကောလိပ်ကျောင်းသားတဦး ယမန်နေ့ညက ဓါးထိုးခံရကာ နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
သတ္တဗေဒ ဒုတိယနှစ်ကျောင်းသား၊ ချင်းအမျိုးသား နန်မုန်ရှေင်း အသက် (၁၉) နှစ်မှာ နှစ်ကျိပ် ရှစ်ဆူဘုရားပွဲမှ ပြန်လာစဉ် အရက်မူးနေသည့် လူတစုက ရိုက်နှက်ခဲ့ပြီးနောက် နောက်ကျော တွင် ဓါးဒဏ်ရာဖြင့် သေဆုံးခဲ့သည်ဟု မြင်းခြံတက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။
“သူ့မိဘတွေတော့ အကြောင်းကြားထားတယ်၊ မနက်ဖြန်မှ ရောက်မယ်၊ ရဲက အခုချိန်ထိ ဘာမှ အရေးယူဆောင်ရွက်တာမရှိသေးဘူး၊ မြင်းခြံနှစ်ကျိပ်ရှစ်ဆူဘုရားလှည့်တဲ့ပွဲကအပြန် အမှတ် (၁) ရဲစခန်းနားမှာဖြစ်တာ၊ ရဲစခန်းမှာဖြစ်ပြီး အဲညပဲ အမှုဖွင့်ထားတယ်၊ ကျနော်တို့သိတဲ့ အချိန်ကျတော့ ည (၁၀) နာရီလောက်ဖြစ်သွားပြီ၊ဖြစ်တာက (၉) နာရီခွဲလောက်မှာဖြစ်တာ” ဟု အဆိုပါတက္ကသိုလ်ကျောင်းသားက ပြောသည်။
ယခုအမှုကို ဦးလေးဖြစ်သူမှ အမှုဖွင့်တိုင်ကြားထားပြီး သေဆုံးသူ နန်မုန်ရှေင်းသည် ရိုးသားစွာ နေထိုင်သူဖြစ်ကာ နိုင်ငံရေးလှုပ်ရှားမှုတွင် တက်ကြွစွာပါဝင်သူဖြစ်ကြောင်းနှင့် ရိုက်နှက်သူများ ထဲတွင် မြင်းခြံခရိုင် ကြံ့ဖွံ့အဖွဲ့ဝင်များ၏ တူသားများ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။
ယခုသေဆုံးမှုနှင့်ပတ်သက်၍ မြင်းခြံမြို့ အမှတ် (၁) ရဲစခန်းမှ တာဝန်ကျ ဒုရဲအရာရှိတဦးက ဖြေဆိုခွင့်မရှိကြောင်း ပြောဆိုသည်။
မြင်းခြံမြို့နယ်ဆေးရုံအုပ်ကြီးက “အဲဒါက တခါတည်းသေသွားတာပါ၊ ဓါးမြှောင်လို ချွန်ထက်တဲ့ အရာနဲ့ ထိုးသွင်းဒဏ်ရာကြောင့် သေသွားတာပါ၊ နောက်ကျောဘက်ကထိုးတာပါ၊ ည (၁၀) နာရီလောက် ရောက်တာပါ၊ ဖြစ်တာက (၉) နာရီ (၁၅) လောက်မှာ၊ သေတာက (၉) နာရီ (၄၅) မိနစ်လောက်မှာ သေတာပါ၊ ဖြစ်တာက မြင်းခြံဈေးကြီးတောင်ဘက် အရက်ဆိုင်နားမှာ ဖြစ်တာ၊ သေဆုံးသူက အရက်သေစာ သောက်စားထားတာလဲမရှိဘူး၊ ဇာတိက ချင်းပြည်နယ် ကန်ပက်လက်ဇာတိပါ”ဟု ပြောဆိုသည်။
သေဆုံးသူ နန်မုန်ရှေင်းမှာ မြင်းခြံမြို့မှ ဦးလေးတော်စပ်သူ နတ်မောက်တောင်သစ်တောဦးစီး၏ နေအိမ်တွင် နေထိုင်သူဖြစ်ပြီး အခင်းဖြစ်သည့်နေ့က ဆိုင်ကယ်ပေါ်မှ အရက်သောက်နေသူ သူငယ်ချင်းတစုအား လှမ်းခေါ်ရာမှ ခိုက်ရန်ဖြစ်ပွားပြီး ဆိုင်ကယ်ပေါ်အတက်တွင် ဓါးဖြင့်အထိုးခံ ခဲ့ရခြင်းဖြစ်သည်။
သေဆုံးသူ နန်မုန်ရှေင်း ဦးလေးတော်စပ်သူနောက်တဦးမှာ ချင်းပြည်နယ် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်မှူးချုပ်ဟုန်ငိုင်းဖြစ်ပြီး ယခုအခါ တရားခံ ၁၀ ဦးအား ဖမ်းဆီး ရမိထားပြီး ဓါးနှင့်ထိုးသတ်သူတရားခံကို ဖမ်းမိခြင်းမရှိသေးကြောင်း မြင်းခြံမြို့ဒေသခံတဦးက ပြောဆိုသည်။

0 Comments: