26th Feb, 2009
ဆရာကြီးဦးတင်မိုး အမှတ်တရ
ဆရာကြီးဦးတင်မိုး အမှတ်တရ အဖြစ်အောက်ပါကဗျာများကို ခောတ်ပြိုင်ဂျာနယ်မှကူးယူဖေါ်ပြလိုက်ပါသည်။
ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁)
“ဧည့်သည်ကြီး”
ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကို ပြန်ပို့ကြပါလေ။
ဒီကဗျာလေးကိုတော့ မှတ်မိကြတဲ့သူ တော်တော်လေးများတယ်။ စိတ်လဲဝင်စားကြတယ်။ ကဗျာရဲ့ အဓိပ္ပာယ် ဘာလဲလို့ မေးခွန်းတွေ ခဏခဏမေးကြတယ်။ ကျနော်ကလဲ မဖြေတတ်ဘူး။ ဒီကဗျာ ရေးမိပုံကလေးကို ပြောပါရစေအုံး။
၁၉၅၉ ခုနှစ်ဆန်းပိုင်းက ကဗျာဆရာဝင်းကြွယ်ရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ မုံရွာချောင်းဦးသား မောင်စောလွင် (အခုရှေ့နေကြီး) ရယ်၊ ရေစကြိုသား ကိုတင်အောင် (မန္တလေးမျိုးညွန့်ကြက်ခြံ) ရယ်၊ ကျနော်ရယ် မန္တလေးမီးရထားဘူတာဝင်းအရှေ့ဘက် ဟော်ကုန်းရပ်ကွက်ထဲမှာ အိမ်ခန်းငှားပြီး နေကြ တယ်။ အဲဒီတုန်းက ကျနော်တို့တတွေဟာ မန္တလေးတက္ကသိုလ်မှာစာသင်နေကြတဲ့ ကျောင်းသားတွေပေါ့။
ကျနော်တို့နေတဲ့အိပ်ခန်းက နှစ်ထပ်အိမ်အပေါ်ထပ်မှာ၊ အောက်ထပ်မှာက မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသားတွေနေကြတယ်။ မြင်းခြံသားထွန်းကြည်တို့၊ ညွန့်ဦးတို့တတွေ အခုတော့ မန္တလေးက ဆရာဝန်ကြီးတွေဖြစ်နေကြပြီ ထင်ပါရဲ့။
ကျောင်းတက်တယ်ဆိုပေမယ့် မှန်မှန်မတက်ဖြစ်ပါဘူး။ ကျောင်းဘက်သွားပြီး သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ ဒါလောက်ပါပဲ။ အဲဒီတုန်းက ကဗျာဆရာဝင်းကြွယ် (အခုသင်္ဘောကပ္ပတိန် ခင်မောင်ဝင်း) က မန္တလေးတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်း အတွင်းရေမှူး၊ ကျနော်ကလဲ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်ဖို့ ပြင်ဆင်နေတုန်းမို့ ၀င်းကြွယ်က ပုံနှိပ်တိုက်၊ ဘလောက်တိုက်နဲ့ဆိုင်တဲ့ အကူအညီပေးတယ်။
သူငယ်ချင်းမောင်သိန်းနိုင် (ဂုဏ်ထူးဦးသိန်းနိုင်) က ရွှေမန်းတက္ကသိုလ်ဝင်း ကျောင်းဘော်ဒါဆောင်မှာ နေတယ်။ စိန်မြင့် (မောင်မိုးသူ) က နှစ်လည်မဂ္ဂဇင်းအယ်ဒီတာ၊ သူက မန္တလေးဥယျာဉ်တန်းမှာနေတယ်။ ကြည်အောင်က အင်းဝနဲ့ မန္တလေး ယိုးဒယားဈေးနားက သူ့အမကြီးအိမ်မှာ တလှည့်စီနေတယ်။ ကျနော်တို့ ဟော်ကုန်းလမ်း (ဆေးရုံကြီးတောင်ဘက်) မှာ ကဗျာဆရာမျိုးမြင့်ဆွေ (ပန်းချီဆရာ ကိုမြသောင်း) နေတယ်။
ကျနော်တို့ရဲ့ ဟော်ကုန်းရပ်ကွက်ကအိမ်မှာ သူငယ်ချင်းတွေ မကြာခဏ အလည်လာကြတယ်။
သူငယ်ချင်းအပေါင်းအသင်းတွေ ၀င်လိုက်၊ ထွက်လိုက်နဲ့ သိပ်ပျော်စရာကောင်းတာပဲ။
တနေ့တော့ အင်းဝက ကဗျာဆရာ ကြည်အောင် မနက်ကထဲကရောက်လာတယ်။ အိမ်မှာလဲ ဘယ်သူမှ မရှိ။ ကျောင်းဘက်ထွက်သွားကြတယ် ထင်ပါရဲ့။ ကျနော်တယောက်ထဲ ကျန်ရစ်နေခဲ့တယ်။
ကျနော်နဲ့ ကြည်အောင် နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးလို့မဆုံး။
စာအကြောင်း၊ ကဗျာအကြောင်း၊ ရုပ်ရှင်အကြောင်း၊ အကြောင်းတွေစုံလို့။
ဆေးလိပ်ပြာခွက်ထဲမှာ နဂါးစပယ်ရှယ်ဆေးပေါ့လိပ်တိုတွေလည်း တပုံကြီးဖြစ်နေပြီ။ သူတပိုဒ်၊ ကိုယ်တပိုဒ် တလှည့်စီကဗျာစပ်ထားတဲ့ ဗလာစာအုပ်ကလေးလဲ ကျနော်တို့နှစ်ယောက်ကို ငေးကြည့်နေသလိုလို။
ညနေစောင်း ကျောင်းဆင်းချိန်ရောက်လာပြီ။ ကျနော်တို့နှစ်ယောက်ရဲ့ ရယ်သံ၊ မောသံ၊ သက်ပြင်းချသံတွေလဲ တဖြေးဖြေး တိုးသွားပြီ။
ကြည်အောင်က ဆေးလိပ်တွေလဲတိုပြီ၊ နေလဲညိုပြီ၊ ကျနော်ပြန်တော့မယ်တဲ့။
အဲဒီ လျှပ်တပြက်အချိန်လေးမှာပဲ ကျနော်က ဟေ့ ခဏနေဦး … ဆိုပြီး ရှေ့မှာချထားတဲ့ ဗလာစာအုပ် ကလေးထဲမှာ ကဗျာကောက်ခြစ်လိုက်မိတယ်။ “ဧည့်သည်ကြီး” လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။
ဆေးလိပ်လည်းတို
နေလည်းညိပြီ
ငါကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့
ကြည်အောင်က “ဟော … ဟုတ်တယ်ဗျို့ .. ကျနော်ပြန်တော့မယ်” တဲ့။ သူပျောက်ကွယ်သွားပါတယ်။
ညပိုင်းကျတော့ သူငယ်ချင်းတွေ ပြန်ဆုံကြတယ်။ နေ့လယ်က ကြည်အောင်နဲ့အတူစပ်ခဲ့ကြတဲ့ ကဗျာတွေ ဖတ်ကြတယ်။
“ဧည့်သည်ကြီး” ကဗျာကိုတွေ့တော့ မောင်စွမ်းရည်က …
“ဟာ ကောင်းလိုက်တဲ့ကဗျာ၊ ဖန်မီးအိမ်စာအုပ်ထဲမှာ ထည့်ရမယ်” လို့တောင်းဆိုတယ်။
မောင်စောလွင်ရော ၀င်းကြွယ်ပါ သဘောတူကြတယ်။ ဖန်မီးအိမ် လက်ရေးမူရင်းကို ဒေါင်းနွယ်ဆွေ ပြကြည့်တော့ ဒေါင်းနွယ်ဆွေက ကျနော့်ဆီကို စာရေးတယ်။
“ကိုတင်မိုးရေ .. ခင်ဗျားဟာ … ဧည့်သည်ကြီးကဗျာနဲ့ မှတ်တိုင်စိုက်လိုက်ပြီ” တဲ့။
ကျနော်လဲ “သြော်” လို့ ဆိုလိုက်မိတယ်။
ဖန်မီးအိမ်စာအုပ်ထွက်တော့ ဒီသုံးကြောင်းကဗျာလေးက ဂယက်အရိုက်ဆုံးဖြစ်လာတယ်။
“ရေးမိတာက သုံးကြောင်း၊ မေးခွန်းပေါင်းက သုံးသောင်းလောက်ပါလား” လို့ စာပေဟောပြောပွဲတွေမှာ ပြောမိတယ်။
“လေးနက်တဲ့ဘ၀အမြင်” လို့ မှတ်ချက်ချသူက ချတယ်။ ဆောင်းပါးရေးပြီး အနက်ဖွင့်သူကဖွင့်တယ်။
ဘ၀ရဲ့ ဆေးလိပ်မတို နေမညိုမီ မေတ္တာထားကြရမယ်လို့ မေတ္တာစကားဆိုသူက ဆိုတယ်။ “ကိုလိုနီစနစ်နေ၀င်ချိန်” ကို အကျစ်လျစ်ဆုံး မှတ်တမ်းတင်ချက်လို့ အနက်ကောက်သူလဲရှိတယ်။ ထောင်ထဲမှာ နံရံပေါ်က ကဗျာအဖြစ် လွမ်းဆွေးသူလဲမနည်းလှ။ “ဗမာပြည်ကို ဧည့်သည်ကြီး နှိပ်စက်ခဲ့တာ (၂၆) နှစ်ရှိပါပြီ။ သူ့ကို မူလနေရာပြန်ပို့လိုက်ကြပါတော့” လို့ ဒီမိုကရေစီအာဇာနည်
ဦးဝင်းတင်ကမြင်တယ်။
ဘာပဲဖြစ်ဖြစ် ဒီကဗျာကို ကျနော်မပိုင်တော့ပါ။ ကဗျာဖတ်သူသာ ပိုင်ပါတယ်။ ရေးဖွဲ့သူထက် ဖတ်သူ၊ ခံစားသူက ပိုပြီး သိနိုင်၊ မြင်နိုင်၊ ခံစားနိုင်ပါတယ်။ ရေးသူထက် ဖတ်သူ ပိုတော်ပါတယ်။ “ကျနော်ကတော့ ဘာများတတ်နိုင်ပါဦးမည်နည်း” လို့ ဗန်းမော်တင်အောင်ရဲ့လေသံနဲ့ မှတ်ချက်ချရုံမှတပါး …။ ။
တင်မိုး (ခေတ္တ ၀ါရှင်တန်ဒီစီ)
၂၇၊ ၇၊ ၂၀၀၀
ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၈)၊ စက်တင်ဘာ ၂၀၀၀
ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂)
ကဗျာကိုဖတ်ရတာ ရသတမျိုးပဲ။ ကဗျာထဲက စကားလုံးကလေးတွေက ဘယ်စကားနဲ့မှ မတူဘူး။ လှနေတာကိုး။ “လ” လို့ ရိုးရိုးခေါ်တာ အသိသားပေါ့။ ဒါပေမယ့် “စန်း” တို့ “သော်တာ” တို့ “ပုဏ္ဏမီ” တို့ … စတဲ့ ကြွယ်ဝတဲ့ စကားလုံးကလေးတွေ ကြားရတော့ စိတ်ထဲမှာ ဆန်းသစ်သွားသလိုလို။
“စန်းယုန်ပွင့်ငယ်
လမ်းကြုံသင့်လျှင် ညာညာမယ်သို့
ချာချာလည် မင့်မောင်ရူးပြီလို့
တိမ်ဦး ဝေယန်စွန်းဆီက
တခွန်းသူ့ကို ပြောလိုက်ပါ
(စန္ဒာရယ်) မောလှပြီလို့” … ဆိုတဲ့ “စာရေးတော်ကြီး ဦးသာဇံ” ရဲ့ ကဗျာကလေးကို ဖတ်လိုက်ရတော့ မျက်ရည်ဝဲချင်သလိုလို၊ ရင်ဖိုချင်သလိုလို ခံစားရတယ်။
စကားလုံးတွေက အနက်တူပေမယ့် လှည့်စားတတ်တယ်။ ခံစားမှုကို နှိုးတတ်တယ်။ အာရုံတွေကို တိမ်းညွတ်စေတတ်တယ်။ ကဗျာထဲမှာ ပဉ္စလက်လို လှည့်လှည့်ဖြားဖြား ဖမ်းစားတတ်တဲ့ စကားလုံး လေးတွေပါတယ်။
ဒီလိုဆိုတော့ ကဗျာတွေကို မဖတ်ဘဲကို မနေနိုင်ဘူး။ စွဲလမ်းနေတော့တာပဲ။
“နွေမှာသစ်ရွက်တွေကြွေတယ်” ဆိုတဲ့ ရိုးရိုးစင်းစင်း အနက်ရိုးကို
“လေခ၊ မြေသက်၊ ဈာန်ဝိတက်သို့
သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်
သိင်္ဂီတ၀က်၊ ဖက်၍ဆေးစုံ
ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း
တောလုံး လင်းသား” … လို့ ရှင်ဥတ္တမကျော်က ဖွဲ့ပြ၊ နွဲ့ပြလိုက်တော့ နှစ်သက်လို့ မဆုံးနိုင်ဘူး။ ငြိတွယ်သွားတယ်။ သံယောဇဉ်ဖွဲ့မိသွားတယ်။ ပန်းချီကားတချပ်လို မြင်ယောင်သွားတယ်။ စိတ်ကိုရွက်ကြွေတွေနဲ့အတူ ခေါ်ဆောင်သွားနိုင်တယ်။ ဒီတော့ ဒီလှပတဲ့ ကဗျာပိုဒ်ကလေးဟာ ရင်ထဲက မထွက်တော့ဘူးပေါ့။
ကျနော်ငယ်ငယ်တုန်းက ဆရာမင်းသုဝဏ်ရဲ့ “သပြေညို” ကဗျာစာအုပ်ကလေးကို ဖတ်ရတယ်။ ခေါင်းအုံးအောက်ထားပြီး အမြတ်တနိုးဖတ်ရတဲ့ ကဗျာစာအုပ်ကလေးပေါ့။ အားတိုင်း ခဏခဏ ဖတ်ဖြစ်တယ်။ ဖတ်တိုင်း ကြည်နူးတဲ့အရသာကို ခံစားရတယ်။ ခံစားရတိုင်း ပြန်ပြန်ဖတ်တယ်။ ဒီတော့ ကဗျာလေးတွေက နှုတ်ဖျားမှာ ပျံဝဲနေတာပေါ့။
“ဆန်းစခါနွေ
သာတပေါင်းမို့၊ ညှာညောင်းကြွေ
ပြေပြေရောရု
မြအသွေး ရွှေရေးလုတော့
ရတုအညီ
မြေသို့သက်တဲ့ ရော်ရွက်ရီကို
ပလီပလာ၊ တီတာတာ
သည်ခါဓလေ့
နွေအကူး လေရူး ဝှေ့တော့
ကွေ့ကွေ့ဝန်းဝိုက်
ရွှေကြောင်ဖား မြီးဖျားလိုက်သို့
မြိုင်တိုက်စုံယံ ရွက်ဟောင်းပျံသော် …”
ဒီကဗျာပိုဒ်ကလေးကလဲ နှလုံးသားထဲမှာစွဲပြီး နှုတ်ဖျားမှာ ၀ဲနေတော့တာပဲ။
ကိုယ်နဲ့မရင်းနှီးတဲ့၊ သူစိမ်းပြင်ပြင်ဖြစ်နေတဲ့ စကားလုံးတွေ မပါဘူးလား။ ပါတာပေါ့။ တချို့တလေ ပါတာပေါ့။ “ရောရု” တို့ “ရတု” တို့၊ “မြိုင်တိုက်စုံယံ” တို့။
ဒါပေမဲ့ လူရင်း မိတ်ရင်းတွေနဲ့ တသားတည်းရောနေတော့ တချို့စကားလုံးတွေကို သူစိမ်းပြင်ပြင်လို့ မထင်မိတော့ဘူး။ အသာတကြည်ပဲ လက်ခံလိုက်ပြီးသားဖြစ်သွားတယ်။ ကဗျာသုံးစကားလုံးတွေအဖြစ်နဲ့ တိုးလို့တောင်ချစ်မိသွားတယ်။ အသံအနေအထား၊ အသံအစီအစဉ်ကလဲ ချောမောပြေပြစ်၊ “ရွှေကြောင်ဖား မြီးဖျားလိုက်သို့” ဆိုတဲ့ ရော်ရွက်ကြွေဟန်ကိုနှိုင်းတဲ့ အနှိုင်းစကားကလဲ အာရုံထဲမှာ စွဲထင်နေလေတော့ ဒီကဗျာပိုဒ်ကလေးကို မချစ်ဘဲ မနေနိုင်အောင် ဖြစ်မိတော့တယ်။
အို … ကဗျာဆိုတာ နှလုံးသားရဲ့သံယောဇဉ်ဖွဲ့ရာ ရတနာတမျိုးပါလား။
“တီတာတာ အမူပျို့ရန်ကော
ရီပြာပြာ သူတချို့ငယ်က
မြူသလို ပုံဟန်ချီ”
… ဆိုတဲ့ “တက္ကသိုလ်မောင်သန့်စင်” ရဲ့ “ကဗျာ့ပန်းကုံး” ကဗျာကလေးလို့ ထင်ပါရဲ့။
ဖြစ်နိုင်တာပဲလေ။
စိတ်ဦးလှည့်ရာ နွေကဗျာတွေ တွေးမိနေဆဲမှာပဲ အနောက်နိုင်ငံမှာ နွေနှောင်းစရှုခင်းကို မြင်နေရပြီ။ မကြာခင် ဆောင်းလာတော့မယ်။ ရွက်ကြွေရာသီလာဖို့ အရိပ်အရောင် ပြနေပြီလေ။ ပင်လုံးကျွတ်
ဝါ၀င်းအိစက်နေတဲ့ အရွက်တွေ။ လှပါဘိခြင်း။ စာဖွဲ့လို့တောင် ခံစားမှုကြွင်းရစ်နိုင်သေးငဲ့။
တချို့က နီမြန်းနေ။ အစိမ်ရောင်ကြားက အနီရောင်။ အနုအရင့် အဆင့်ဆင့်။ ဘယ်လို တင့်မောမှန်းမသိ။ လွင့်မျောစရာ။
လှအားပါရဲ့။ နွေနှောင်းပန်းချီ။
အနီရောင်။ အနီရောင်ဆိုရင်တော့ ကျနော်တို့သမိုင်းစဉ်မှာ “တော်လှန်ရေး” ကို သတိရသည်ချည်း။ အနီထဲက ကြယ်ဖြူပွင့်။
ကိုယ့်သမိုင်းနဲ့ကိုယ်ပေါ့။ ဖက်ဆစ်တွေကိုတော်လှန်ခဲ့တဲ့ မတ်လ။ မတ်လဆိုတာ မြန်မာနိုင်ငံအဖို့ အဟောင်းခြွေတဲ့ တပေါင်းနွေ။
“ဒဂုန်တာရာ” က …
“အို … ရုတ်တရက်
မျဉ်းဖြူစက်၍၊ ကွဲအက်ကြောင်းရာ
ဟ … ဟ … လာပြီး
မိုးပြာကိုဖြတ်၊ ပတ္တမြားရည်
စီးလည်အဟုန်၊ နီမြန်းကုန်သည်” … တဲ့။
ပတ္တမြားရည်တွေ မိုးကောင်းကင်အက်ကြောင်းကြီးက စီးကျလာတယ်။
အဲဒါလဲ နွေဖွဲ့တခုပါပဲ။
သွေးနဲ့ရေးတဲ့နွေဖွဲ့ကဗျာ။
လှနိုင်ရန်ကောလေ။ ။
တင်မိုး
၂၅၊ ၉၊ ၂၀၀၀
ခေတ်ပြိုင်ဂျာနယ် အတွဲ (၈၉)၊ အောက်တိုဘာ ၂၀၀၀
ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃)
လှိုင်းတွေ ၀ုန်းခနဲ၊ ၀ုန်းခနဲ။
လှိုင်းမြောက်တော့ အရိုင်းတွေ ခုန်ပေါက်သလိုလို။
အရိုင်းတွေမဟုတ်ပါ။ လူထုလှုပ်ရှားမှု ဒီရေလှိုင်းကြီးပါ။ ခွပ်ဒေါင်းအလံက ရှေ့ဆုံးက။
ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ ၀န်ထမ်းတွေ၊ လုပ်သားပြည်သူတွေ၊ ရှေ့နေ ရှေ့ရပ်တွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင်၊ ပန်းချီပန်းပု ပညာရှင်တွေ … အို … ပြည်သူမှန်သမျှ အရွယ်မရွေး၊ လိင်မရွေး။
အို … ပြည်သူ့ရဲတွေ၊ ပြည်သူ့တပ်မတော်သားတွေတောင် ပါလိုက်သေး။ အုန်းအုန်းကျွတ်ကျွတ် တခဲနက်။
ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ လူ့အခွင့်အရေး … စတဲ့ “တို့အရေး … တို့အရေး” တွေ၊ ကဗျာတွေ စပ်မိပြီ။ လှိုင်းလုံးကြီးရိုက်ခတ်သမျှ ကာရန်အစပ်အဟပ်တွေက တသီတတန်း တထမ်းတမကြီး ပေါ်လာပြီ။ နှုတ်ဆိတ်မနေနိုင်ပြီ။
“တံခါးဖွင့်ပါ”၊ တောင်းဆိုလာကြ ဧရာမလူထုကြီးပါတကား။ လက်မောင်းချင်းချိတ်ကြတယ်။ တံဆိပ်ချင်း ဖလှယ်ကြတယ်။ ရယ်သံတွေ သောသောညံခဲ့တယ်။
၁၉၈၈ ခုနှစ်က အသံများ။
သမိုင်းရဲ့ပုံရိပ်တွေက လူထုကြီးရဲ့မျက်နှာမှာ ထင်ဟပ်နေတယ်။ ပြိုးပြက်လက်လက်တောက်နေတယ်။ မျှော်လင့်ချက်တွေနဲ့ ရွှန်းရွှန်းမြနေတယ်။ အို … ကြည်နှုးလှိုင်းထ ရသသစ်များ။
အုပ်စိုးသူတွေဘက်က အသံတွေလဲ ကြားနေရတယ်။ မြေပေါ်မြေအောက် ဗကပ အဖျက်သမားတွေက သွေးထိုးလို့ အခုလို မင်းမဲ့စရိုက်လှုပ်ရှားမှုတွေ ဖြစ်လာတာ … တဲ့။
လာပြန်ပြီ။ ထစ်ခနဲဆို ဗကပ၊ ထစ်ခနဲဆို ဗကပ၊ ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက် အရေးတော်ပုံတုန်း ကလဲ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဝင် တကသအဆောက်အအုံကြီးကို ဗကပတို့ရဲ့ သူပုန်ဌာနချုပ်လို့စွပ်စွဲပြီး ဒိုင်းနမိုင်းနဲ့ခွဲခဲ့ပြီး သွေးမခြောက်သေး။
ငါ့ကာရန်တွေ ခုန်ထွက်လာတယ်။
“တခါလာ ဗကပ၊
တခါက ဗကပနဲ့
ဟာသရသတောင် မြောက်ကုန်ပြီ” လို့။
“ဗကပ ကိုလက်ညှိုးထိုး၊
ကိုယ့်ကျိုးကိုအရနှိုက်၊
ဓားပြတိုက်နေသူတွေပါတကား”။
စစ်အုပ်စုရဲ့လုပ်ရပ်ကို ထင်းခနဲ ပြေးမြင်မိတယ်။ လင်းခနဲ သဘောပေါက်မိတယ်။ စစ်မြေပြင်ပေါ်ကနေ ပြည်သူလူထုထံ ကဗျာအသံတွေ လွှင့်မိတယ်။
“စစ်အားမကောင်းရင် ဂျစ်ကားတောင် မောင်းနိုင်မှာမဟုတ်ဘူး” လို့ စစ်အင်အားကိုသာ ပျိုးထောင်နေတဲ့ စစ်အုပ်စုရဲ့ သဘာဝကို ဖွင့်ပြဖို့ ကဗျာရေးမိတယ်။ “ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများသို့” လို့ ညွှန်းလိုက်မိတယ်။
“စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး။ အမှန်ကိုချစ်တာနဲ့ ကွန်မြူနစ်ဖြစ်ရရောလားဗျာ” လို့ အခြေမခိုင်တဲ့ သူတို့ရဲ့ ဆင်ခြေဆင်လက်တွေကို ဖြိုလိုက်မိပါတယ်။
လူထုအားလုံးရဲ့ ဖြူစင်တဲ့နှလုံးက ပေါက်ဖွားလာတဲ့အသံပါ။ ထမင်းရေပူလာ လျှာလွှဲတတ်တဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေပါ။ ဒီလိုနည်းနဲ့ ခြောက်စား၊ ဟောက်စားလုပ်လာတာ ကြာပြီမဟုတ်လား။
မြန်မာ့စိတ်ဓာတ်က ခွင့်လွှတ်တတ်တဲ့ စိတ်ဓာတ်၊ အားနာတတ်တဲ့ စိတ်ဓာတ်၊ အလွန်မြင့်မြတ်တဲ့ အမူအရာ၊ ရိုးသားပြီး စေတနာကောင်းတဲ့ အမူအရာ၊ ဒါကို လူတိုင်းသိ။
အဲဒီမြင့်မြတ်မှုကို အခွင့်ကောင်းယူ၊ အပျော့နှိုက်ချင်ကြတာ အံ့ပဲအံ့မိပါရဲ့။ စစ်အာဏာရှင်ကြီးက မြန်မာ့အကြောကိုသိပြီး မိမိရရ အသုံးချခဲ့တယ်။ ရက်စက်ပါပေ့ကွယ်။
ဒါပေမယ့် မြန်မာလူထုဟာ သဘောကောင်းပေမယ့် လူညံ့မဟုတ်။ ထုံပေပေ နုံအအ ဖိုးသုညမဟုတ်။ စစ်သူရဲတွေ ဂုတ်ခွစီးလို့ ဒုက္ခမီးလောင်နေပေမယ့် သည်းခံနိုင်တဲ့အစွမ်းရှိသလောက် သည်းခံခဲ့တယ်။ ဒီနေ့တော့ လွန်လွန်းလာပြီ။ အတိုင်းအတာထက် ကျော်လာပြီ။ ဂိတ်ဆုံးရောက်ပြီ။
ခွပ်ဒေါင်းအလံ မိုးသို့ပျံပြီး ဒီမိုကရေစီတော်လှန်ရေး ဟစ်ကြွေးကြလေပြီ။ ရေကာတာကျိုးသလို
ဝေဒနာဆိုးတွေ သွန်ချခဲ့လေပြီ။
၁၉၈၈ ခုနှစ် သြဂုတ်လ။
သြဂုတ်လရဲ့ မိုးရေစက်တွေထဲမှာ အလံ၊ ရင်ထိုးတံဆိပ်၊ ခေါင်းစည်းနီ၊ လည်စီးနီ၊ လက်ပတ်ပ၀ါတွေနဲ့ မိုးချုန်းသံများ၊ ပေါက်ကွဲသံများ၊ ကြွေးကြော်သံများ …။
“လူ့သမိုင်းမှာ တုနှိုင်းမရ
တက်ကြွမျက်နှာ ညီညာလက်ချိတ်
ရဲဘော်စိတ်တွေနဲ့ …။
ဘုရားသွား ကျောင်းတက်
အေးချမ်းလက်ဖြင့်
ပြုံးမျက်နှာပေး နှလုံးအေးသည့်
မုန်းသွေးမပါ၊ တို့မြန်မာတို့၏
မူရာပြောင်းလဲ၊ အံ့ဖွယ်သူရဲပင်…။
တခဲနက်ဟိန်း၊ မိုးသို့ခြိမ်းလျက်
စိမ်းလန်းတောတောင်၊ မီးကြီးလောင်သို့
သန်းခေါင်ညများ၊ တုန်လှုပ်သွားပြီ
တံခါးဖွင့်ပါ၊ တံခါးဖွင့်ပါ…” တဲ့။
ကဗျာနဲ့ မှတ်တမ်းတင်မိတော့တယ်။ သွေးစက်နဲ့ သွေးကွက်တွေ ထွေးယှက်ကုန်တော့တယ်။
ဟုတ်ကဲ့။ သန်းခေါင်ညများ၊ တုန်လှုပ်သွားပြီ။ တကယ်ပါပဲ။ ပဲ့တင်သံတွေ ဟိန်းဟိန်းညံနေပါပြီ။
အယုတ်အမာပဂေးတို့၊ ဆုတ်ခွာပြေးကြပေတော့ … တဲ့။ မမေ့နိုင်တဲ့ သံစဉ်များပါ။ ။
တင်မိုး
ခေတ်ပြိုင်ဂျာနယ် အတွဲ (၉၀)၊ နိုဝင်ဘာ ၂၀၀၀
________________________________________
ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၄)
(၁)
မနှစ်က နော်ဝေနိုင်ငံ အော်စလိုကို ရောက်တယ်။ နှင်းတောင်ပေါ်ကို တက်ခဲ့တယ်။ နေရီရီတောင်မှ ပီပီ မလင်း၊ အလင်းဖြန့်ပေမယ့် နှင်းနံ့ကလေးတသင်းသင်း။
မေဘယ်လ်ပင် အရွက်ကြွေထားလို့ ရိုးတံပြိုင်းပြိုင်း၊ ထင်းရူးပင်ပေါ်မှာ နှင်းခဲတွဲလျား၊ လမ်းပေါ်မှာ နှင်းဖွဖွတွေက ကျောက်သားသလင်းရောင်၊ ခြေချော်လဲမှာစိုးရ။
ငါတည်းဟူသောအညာသား၊ နှင်းကြားထဲမှာ အရည်ပျော်ပြီး အော်စလိုက ပျောက်သွားလေမလား၊ စိုးတထင့်ထင့်။
(၂)
တနေ့သား ဒီမိုကရက်တစ်မြန်မာ့အသံကအပြန်၊ ဖိုးခွားခေါ် စောနယ်လ်ဆင်ကူး၊ ကျော်မိုး၊ မောင်တူးတို့နဲ့ အတူ အော်စလိုဆိုင်တန်းတွေဝင်မိတယ်။ ပါကစ္စတန်ဆိုင်က ခပ်များများ။
ဒီကြားထဲ ထိုင်းဆိုင်တဆိုင်တွေ့တော့ ၀င်တယ်။ ငပိ ငံပြာရည် ရနိုင်သတဲ့။ ဖိုးခွားကဦးဆောင်ပြီး
ဈေးဝယ်ကြတယ်။ အဲဒီထိုင်းဆိုင်မှာ တမာခက်ကလေး။
အို … ငါအံ့သြသွားမိတယ်။ တမာ … တမာ … တို့အညာကလာတဲ့ တမာ။ ဆွေမျိုးရင်းချာ။ ငါမှတ်မိတာပေါ့။ သူကလဲ ဘောင်းဘီဝတ်အညာသားကို ခပ်စိမ်းစိမ်းကြည့် အကဲခတ်လို့။ ၀မ်းသာအားရ။
တမာခက်စိုစိုနဲ့ အညာတက္ကသိုလ်ကို လွမ်းလိုလွမ်း၊ ရွာအ၀င်လမ်းက တမာပင်တန်းကလေးကို သတိရလိုရ၊ ဖရိုက်ဒါလမ်း၊ အိမ်နံပတ် ၁၂ (ခ) ရောက်တော့ အညာတမာခက်ကလေးက ငါတို့နဲ့အတူပါလာပြီ။
ဒီလိုကဗျာလေးတပုဒ်ဖွဲ့မိတယ်။
(၃)
ဖွဲ့မိတဲ့ကဗျာလေးကို ပြရဦးမယ်။ ကဲ … ဒီမှာ။
အညာကျေးလက်က
တမာမွှေးတခက်သို့
အညာက တမာဖူး
နှင်းရည်ကလေး
တစက်နှစ်စက်လူးလို့
ကြည်နူးစရာ
အော်စလိုရောက်လာတယ်။
အော်စလို တရုတ်တန်း
ထိုင်းဈေးခန်းက … တဲ့
မျက်နှာပန်းပွင့်ပွင့်နဲ့
လည်တိုင်ကလေးပင့်လို့
အသိတွေကို မျှော်လင့်နေရှာသတဲ့။
“အညာတမာ၊ ၀ါတာတာ
ရသာခါးခါး၊ ငါမစား” လို့
တအားကုန်အော်ပြီး
ပျော်ခဲ့ရတဲ့သူငယ်တန်းကလေးကို
ငယ်သွေးပေါ်ကာ လွမ်းမိတယ်။
ဦးသိန်းဖေမြင့်ရဲ့
ဘုတလင်အညာလမ်းက
တမာတန်းက
တမာပွင့်ကလေးတွေ သတိရ
စူးရှတဲ့
တမာနံ့ ခါးသင်းသင်းကလေးကို
သွားရင်းပဲ လွမ်းမိတယ်။
ရွာအ၀င်လမ်း တမာတန်းမှာ
ဘဂျမ်းဈေးအရောက်
မြွေလိမ်မြွေကောက် ပြေးတမ်း
စိမ်ပြေးတမ်းကစား
တမာပင်အောက် တထောက်နား
နောက် … ကာလသားဘဝ
နွားမောင်း လှည်းမောင်း
ဆင်ထဲဝ သဲချောင်းအထိ
ပြန်ပြောင်းလွမ်းမိတယ်။
တမာခက်ကလေးရေ …
အညာဘက်မှာ မစားလောက်လို့
ရေမိုးမှန်မှန် မသောက်ရလို့
တောခြောက် ယာခြောက်
မြက်ပါခြောက်လို့
ပြည်ပရောက်လို့ လာရော့သလား။
မင်းနဲ့ငါက
အညာသဲကြားက တရွာထဲသား
ယာထဲမှာ ကြားကြားသမျှ
စကား၀၀ပြောစမ်းပါ။
တို့ရွာမှာ မစားလောက်
နွားပေါက်ကလေးတောင် နို့မဝ
မြို့ကလာတဲ့ ဗိုလ်ကြီးတသိုက်ကို
လှည်းတိုက်လို့မောင်းပေးရ
ချောင်းနံဘေးကျတော့ ထန်းရေသောက်
တရွာလုံးကြောက်နေရသတဲ့လား။
ကျောင်းဆရာ ဆရာတိုးကိုလဲ
ရွာရိုးကိုးပေါက်
အိမ်ပေါက်စေ့လျှောက်ပြီး
မကြောက်တရား
ဟောရကောင်းလားဆိုပြီး
ဖမ်းလားဆီးလား၊ မဟားတရားနဲ့
ကျောင်းတံခါးကိုတောင်
ပိတ်ထားရသယ်ဆို။
ကျောင်းတံခါးပိတ် ခြံတံခါးပိတ်
ဆံမြိတ်တိုကလေးတွေတောင်
အရိပ်ခိုစရာမရှိ။
ရွာလူကြီးတွေက ထင်ရာစိုင်း
ရွာသားတွေကိုတော့
အတွင်သာခိုင်းသတဲ့
သည်အတိုင်းဆိုရွာပျက်ပြီဟဲ့။
ရွာပျက်ရင်ငါရှက်တယ်တော့
တမာခက်ဆိုတာ ရွာရဲ့အသက်ပေါ့
ငါလဲ စိတ်ပျက်လက်ပျက်နဲ့
ရုတ်တရက်မို့
နှုတ်တောင်မဆက်ခဲ့နိုင်ဘူး
ထိုင်းရွာဘက်ထွက်အလာ
ငါ့မျက်နှာကိုမြင်တော့
ခင်ကြမင်ကြခေါ်ကြတာနဲ့
သည်မှာ အခုလိုရောက်လာရဆိုပဲ။
အညာကျေးလက်က
တမာမွှေးခက်ကလေးရေ …
ဘာကမှ သွေးပျက်မနေနဲ့
ငါထွေးဖက်ပြီး နင့်ကို ဂရုစိုက်မယ်
ငါပြန်ရင် နင်လိုက်ခဲ့နော်။
နင်နဲ့ ငါ ရွာအတူပြန်မယ်
ချောင်းယံမှာ
ဒေါင်းလံလွှင့်ကြပါစို့ကွယ်။ ။
တင်မိုး
ခေတ်ပြိုင်ဂျာနယ် အတွဲ (၉၂)၊ ဇန်န၀ါရီ ၂၀၀၁
ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅)
(၁)
ဗမာပြည်မှာ နာရီတွေ ကြောက်ရုပ်နဲ့ နောက်ဆုတ်နေရပြီ။ သူတပါးတိုင်းပြည်မှာ နာရီတွေ ကျော်လွှား ခုန်ပျံကစားပြီး၊ ရှေ့ကဦးဆောင်ပြီး ကျော်လွှားနေကြပြီ။ ဒါကို လူတိုင်းအသိ။ ငါတို့တတွေ ခေတ်နောက် ပြန်သွားလို့ ပြဒါးလင်းဂူနား ပုံတောင်ပုညာနား ရောက်နေပါကလား။ ကျောက်ခေတ်လူသားအဖြစ်နဲ့ ပြတိုက်ထဲ ရောက်နေရတော့မှာပါကလား။
ကိုယ့်တိုင်းပြည်ထဲနေရရင်တော့ ရေတွင်းထဲကဖားသူငယ်၊ ကိုယ့်လူတွေ အပေါ်မှာ လူတွင်ကျယ်လုပ်ပြီး အဟုတ်ကြီး ဟုတ်နေဦးမှာပေါ့။ အခုတော့ ကိုယ့်ပြည်မှာ ကိုယ်မနေအား၊ နိုင်ငံရပ်ခြား တသွားထဲ သွားနေရတဲ့ ပြည်ပြေးသမားမို့ မမြင်ချင် မနေရ၊ မကြားချင် မနေရ၊ ငါတို့ဘ၀နဲ့ သူတို့ဘ၀ အကွာဟကြီး ကွာဟပုံကို မယုံချင် မနေရ လင်ငင်းပဲကြုံနေရတယ်။
ဒီတော့မှ ငါတို့ဘ၀ ငါတို့ပြန်မြင်ပြီး ရှက်ကြောမျှင်တွေ ထဖျင်းဖျင်းထ၊ ကမြင်းမသား လူ့ငကြွားတွေရဲ့ စကားဟာ အညာအ၀ါး တမာလိုခါးမှန်း သတိပြုမိတော့တယ်။ “မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” ဆိုတာ အခြောက်တိုက်ချိုသွေးတဲ့စကားမှန်း သတိပြုမိတော့တယ်။ အို … ရှက်ဖွယ်။
(၂)
ဒီနေ့ ငါတို့ မြန်မာ့လူ့ဘောင်က ကျွန်စုတ်တဲ့ သရက်စေ့လောက်တောင်မပြောင်၊ ကိုယ့်ရပ်ကိုယ့်ဌာနေ ကိုယ့်မွေးမေမို့ ချစ်စေတနာရင်းနဲ့ အချစ်နှောင်ကြိုးတင်းပေမယ့် ဖအေရင်းအနိစ္စရောက်တော့ ပထွေးက ဖနောင့်နဲ့ပေါက်တာခံရသလို အသက်ပျောက်မတတ် မြန်မာနိုင်ငံဟာ တာတေလန်ဘ၀။
ဒီလိုနဲ့ မြန်မာနိုင်ငံရဲ့အဖြစ်တွေနဲ့ ဆွေးပင်လယ်ဝေနေတုန်း ဓာတ်ဆီဓာတ်စံဆိုတဲ့ နာမည်ကျော် လူရွှင်တော်ပြက်လုံးကို ဗြုန်းခနဲ သတိရမိတော့ ပြုံးစစကလေး ဖြစ်သွားမိတယ်။ “ဆရာတော် သခင်၊ နိဗ္ဗာန်နဲ့လွဲပါတဲ့ ကျွဲမလင်ဘုရား” တဲ့။ ကြံကြံစည်စည် အမှတ်ရမိပြီး ကိုယ့်ဘ၀ကို မြင်ယောင်၊ ရုပ်ပြောင်တခုလို ခံစားမိရတယ်။ ငါတို့မြန်မာတွေခမျာ ကြိုးစားလိုက်ရ၊ ကြံစည်လိုက်ရ၊ စွန့်လွှတ်လိုက်ရနဲ့ လောကနိဗ္ဗာန်ရောက်အောင် အမျိုးမျိုးအားထုတ်ခဲ့ရတယ်။ အခုတော့ မသမာသူ လူလက်တဆုပ်ကြောင့် လောကနိဗ္ဗာန်နဲ့လွဲပြီး ကျွဲမလင်ဖြစ်ရချေတကား။
ဒုက္ခထဲက ဒီအပြုံးကလေးကို ကဗျာသီကုံးချင်စိတ် ပေါ်လာမိတယ်။ ဖတ်ကြည့်ပါလေဦး ကဗျာချစ်သူ။
(၃)
ကဗျာက ဒီလိုပါ။
ကျွဲမလင်
အရိပ် “က” နေသလို
စိတ္တဇ အရုပ်တွေပေါ်လာ
ရာသီတွေမှား
နာရီတွေနားနေတဲ့
ဗမာပြည်က ဖြစ်စဉ်များ။
ကိုယ့်အရောင်က မှုန်မှုန်
သူ့ရောင်စုံက တလျှပ်လျှပ်
ကိုယ့်ဓာတ်ပုံတောင် ကိုယ်မမည်
မတည်ငြိမ်လို့ တလှုပ်လှုပ်
ရေပေါ်ရေးတဲ့အရုပ်များ။
မုန်တိုင်းမွှေလို့
နင်းချေခံရတဲ့ မြန်မာ့မြေပုံ
ကိုယ့်ဂုဏ်ရည်တွေ ပျောက်ပြီး
အမှောက်မှောက် အမှားမှား
အချောက်ချောက် အချားချား
မတောက်ကြွားနိုင်တော့ပါတကား။
အိမ်အတွင်းမှာ
သိမ်ဖျင်းယုတ်ညံ့၊ ဂွကလန့်တိုက်
ပွဲလှန့်ပြီး ဗိုလ်လုပ်
အပြင်မှာတော့ အမြီးကုပ်
ကိုယ့်ရုပ်မှမပြရဲ
မဲနယ်အိုးထဲကျတဲ့ခွေးလို
ပွဲမတိုးတဲ့သတ္တ၀ါပေတကား။
ကိုယ့်ဂုဏ် ကိုယ့်အဟန့်နဲ့
ခန့်ခန့်မနေရ
အမြီးတနှန့်နှန့်နဲ့
အလန့်တကြားနေရတဲ့
မြန်မာ့ရုပ်ပုံ၊ ခေတ်ရုပ်စုံကို
ကြိုးစုံဆွဲ၍ ပွဲမပြချင်ဘု
နိဗ္ဗာန်နဲ့လွဲတဲ့ ကျွဲမလင်ပါတကား။ ။
တင်မိုး
၁၁၊ ၉၊ ၂၀၀၀
အဲဒီလို ဆွေးရိပ်ဖုံးရာက ရင်နာနာနဲ့ ပြုံးမိရတဲ့အဖြစ် ကဗျာကလေးခြစ်မိပြန်ပါရော။ ။
တင်မိုး
ခေတ်ပြိုင်ဂျာနယ် အတွဲ (၉၃)၊ ဖေဖော်ဝါရီ ၂၀၀၁
________________________________________
Thursday, February 26, 2009
ဆရာကြီးဦးတင်မိုး အမှတ်တရ
Subscribe to:
Post Comments (Atom)
0 Comments:
Post a Comment