Wednesday, July 2, 2008

Maung Yit - Leave me back behind with the 2008 Election

ရွေးကောက်ပွဲထဲမှာ မောင်ရစ်ကို ထားရစ်ခဲ့
(အိုဘားမား၊ ဟယ်လရီကလင်တန်၊ မက်ကိန်း၊ မူဂါဘီတို့နဲ့ အတူ …)
မောင်ရစ်
ဇူလိုင် ၂၊ ၂၀၀၈

ရွေးကောက်ပွဲဓာတ်စာတွေကို ရေးလာခဲ့တာ အတော်အဆက်ပြတ်သွားပါတယ်။ နောက်ဆုံးရေးခဲ့မိတာက အမေရိကန်ရွေးကောက်ပွဲပဲနဲ့တူတယ်။ အခုလည်း အမေရိကန်သမ္မတရွေးကောက်ပွဲအကြောင်းပဲ ရေးရပေဦးတော့မယ်။ မြန်မာပြည်မှာက ရွေးကောက်ပွဲဆိုတာ ကမ္ဘာပျက်ခါနီး လေတွေ မိုးတွေကြီးတော့မှ ကျင်းပမယ့် ဒုလ္လဘတပါး မဟုတ်လား။

အမေရိကားမှာတော့ ၄ နှစ်တခါ ရွေးကောက်ပွဲ လုပ်နေကြဖြစ်တော့ ဒီတခေါက်ရွေးကောက်ပွဲမှာ အမေရိကန်သမိုင်းရဲ့ ပထမဦးဆုံး လူမည်း သမ္မတလောင်း၊ ပထမဦးဆုံး အမျိုးသမီးသမ္မတလောင်း၊ ပြီးတော့ ပထမဦးဆုံး အသက်အကြီးဆုံး သမ္မတလောင်း (၇၂ နှစ် တည်းပါ၊ မြန်မာပြည်သန်းရွှေ က ၇၅ ရှိပြီ တဲ့) တို့ ပြိုင်ကြတဲ့ ပွဲဖြစ်ပါတယ်။

အမေရိကန်သမ္မတလောင်းတွေအားလုံးက သူတို့ဖာသာသူတို့ ပထမဦးဆုံးတွေချည်းဆိုတော့ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေ၊ မဲဆန္ဒရှင်တွေရဲ့ အကြိုမဲပေးပွဲတွေမှာ တဦးကိုတဦး အပြန်အလှန် အပြိုင်အဆိုင် စကားနိုင်လုကြတာ၊ ထိုးနှက်တိုက်ခိုက်ကြတာကလည်း ချိမ့်ချိမ့်သဲ၊ ၀က်ဝက်ကွဲပါပဲခင်ဗျာ။ သေနတ်နဲ့မပစ်၊ ဒုတ်နဲ့မရိုက်၊ ကားပေါ်ပစ်တင်တာမျိုးတွေ မရှိလို့သာဘဲ သတင်းစာ၊ ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေမှာ ပြိုင်ကြ ဆိုင်ကြ ရင်ဆိုင်ကြပြီး ပြည်သူအသည်းကြားက မဲတပြားကို ဆွယ်နေကြတာကို ရှုစားရတာဖြစ်ပါတယ်။


အခု ရွေးကောက်ပွဲက အစိမ်ကြီး မဟုတ်သေးပါဘူး။ ပါတီကြီး ၂ ခုရဲ့ သမ္မတလောင်း ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒီမိုကရက်ပါတီက လူမည်း အိုဘားမားနဲ့ အမျိုးသမီး ကလင်တန်တို့ ၂ ဦးကြားက ဘယ်သူကို ရွေးမလဲ ပြိုင်ဆိုင်ကြတာ ဖြစ်ပြီး၊ ရီပါဗလီကင်ပါတီကတော့ စောစောစီးစီးမှာတင် သက်တော်ရှည် မက်ကိန်းကို သမ္မတလောင်းအဖြစ် လျာထားနိုင်ခဲ့ကြပါတယ်။

တဖက်ကို တဖက် စွပ်စွဲ ပုတ်ခတ်ကြတာတွေထဲက အမှတ်တရတွေ ပြောရလျင်တော့ - မက်ကိန်းက ယခုသမ္မတကြီး ဘုရှ်ရဲ့ မအောင်မြင်တဲ့ စီးပွားရေးနဲ့ စစ်ရေး မူဝါဒတွေကို ဆက်ပြီး အတင်းအသက်သွင်း ဒရွတ်ဆွဲမယ့် ရှေးရိုးစွဲသမားပါတဲ့။ ကလင်တန်ကတော့ သမ္မတကတော် သက်တမ်းနဲ့ နယူးယောက်ဆီနိတ်တာ သက်တမ်းတွေပေါင်းပြီး လုပ်သက်နဲ့ ဟိန်းဟောက်နေပေမယ့် အသံသာရှိ အဆံမရှိပါဘူးတဲ့။ အိုဘားမားဆိုတာ လုပ်သက်ကလည်းနု၊ အသားကလည်း မည်း၊ ဘာသာရေးကလည်း တလွဲ ဆိုပဲ စသည်ဖြင့် အချင်းချင်း ချနေကြတာများ … မြန်မာပြည်မှာဆိုရင် ကိုယ့်ကြံ့ဖွတ် သူကြံ့ဖွတ်တွေ အချင်းချင်း လွှတ်ပြီး ချိန်းရိုက်ကြတော့မလားတောင် မှတ်ရတယ်။ အရိုးအသား ရှာလို့တောင် ရဖွယ်မမြင်ဘူး ခင်ဗျ။

သို့သော် ဒီတခေါက် သမ္မတလောင်းရွေးချယ်တဲ့ ပြည်သူဆန္ဒခံယူပွဲဟာဖြင့် အမေရိကန်သမိုင်းမှာ အကြီးကျယ်ဆုံးသော ဖြစ်ရပ်တခုအနေနဲ့ တွင်ကျန်ရစ်ပါတယ်။ အိုဘားမားနဲ့ ကလင်တန်တို့ဟာ အသက် ၂၀ ၀န်းကျင် မျိုးဆက်သစ် မဲဆန္ဒရှင်များ၊ အမေ့လျော့ခံ လူလတ်တန်းစားနဲ့ အခြေခံ လူတန်းစားများ နဲ့ ကလင်တန်နဲ့ မျိုးနွယ်တူ အမျိုးသမီးထုကြီးတရပ်လုံးကို အိမ်တွေ၊ ကျောင်းတွေထဲက နိုးထလာကြပြီး မဲပေးသူတွေအဖြစ် မှတ်ပုံတင်လာကြဖို့ ဆော်သြစည်းရုံးနိုင်ခဲ့ပါတယ်။ မဲမပေးဘဲနေတဲ့ အမေရိကန်တွေကို လမ်းပေါ် ဆွဲထုတ်လိုက်ပါတယ်။

အိုဘားမားဆိုတဲ့ ၄၆ နှစ်ကျော် လူရွယ်တယောက်၊ ဆီနိတ်တာလေးတယောက်က၊ လူမည်းကပြားလေးတယောက်ကနေ လူငယ်တွေဆီက၊ ခေတ်ပြိုင်တွေဆီက၊ လူထုဆီက တကျပ်တပြား ၀ိုင်းလှူတဲ့ ရန်ပုံငွေတွေ သန်းနဲ့ချီပြီး ရခဲ့တယ်။ အဲဒါနဲ့ မဲဆွယ်ပွဲအတွက် သုံးစွဲလိုက်တာ ပြိုင်ဖက် ကလင်တန်တယောက် နောက်ကလိုက်ပြိုင်ရင်း အကြွေးတင်သွားပါတယ်။ မက်ကိန်းနောက်က ရှေးရိုးစွဲ ဓနရှင်ကုမ္မဏီကြီးတွေ၊ အဖွဲ့အစည်းကြီးတွေတောင်မှ မျက်ခုံးလှုပ်သွားစေပါတယ်။ ကမ္ဘာမှာ ဈေးအကြီးဆုံး သမ္မတလောင်းရွေးပွဲပါပဲတဲ့။

အမေရိကန်ကြီး ဒီလောက် စီးပွားပျက်ကပ်ဆိုက်နေချိန်၊ စစ် စာရိတ် ပိနေချိန်မှာ အသုံးအစွဲကြီးတဲ့ သမ္မတလောင်းရွေးပွဲကို ဥရောပနိုင်ငံတွေကတောင် ဆလံပေးကြပါသတဲ့။ မြန်မာပြည်က စစ်ဗိုလ်ချုပ်များကတော့ အံ့သြလွန်းလို့ အမေရိကန်တွေကို သနားတယ်တဲ့။ မြန်မာပြည်မှာ ရွေးကောက်ပွဲမပြောနဲ့ဦး လူထုဆန္ဒခံယူပွဲကိုတောင် မုန်တိုင်းကြားထဲက အလောင်းတွေ တောင်လိုပုံနေတဲ့ကြားထဲက လုပ်တာတောင် ပိုက်ဆံမကုန်တဲ့နည်းတွေနဲ့ အလုပ်ဖြစ်နေတော့ သူတို့က နားမလည်နိုင်ရှာဘူးတဲ့။ ပိုက်ဆံကုန်စရာ မလိုပါဘူးကွာ လူတွေ ပေါကပေါနဲ့ သတ်လိုက်၊ ပစ်လိုက်၊ ထောင်ထဲထည့်လိုက်၊ ပြီးတာနဲ့ ဆန္ဒခံယူပွဲကိုလုပ်လိုက် … ဟော နိုင်သွားရော … ၉၂ ရာခိုင်နှုန်းတောင်၊ ကျန်တဲ့ ၈ ရာခိုင်နှုန်းဆိုတာ နေပြည်တော်က တိရစ္ဆာန်ရုံအသစ်ရဲ့ သန်းကောင်စာရင်း ကျပျောက်သွားလို့ ဆိုလား … ပါမသွားတာလို့ ဆိုပါတယ်။

အမေရိကန်ရဲ့ သမ္မတလောင်းရွေးပွဲမှာ သူတို့တွေ ပြိုင်နေတာ၊ ပြောနေတာ၊ ရင်ဆိုင် အနိုင်နွှဲနေတာ ကြည့်ပြီး မောင်ရစ်တယောက် အသက်တောင်မရှုရဲပါဘူးခင်ဗျာ။ ကြောက်လို့ပါ။ အော် ဒီလောက်တောင် တယောက်ကို တယောက် စိန်ခေါ်ပြီး ပြောဆိုနေလိုက်တာ တသက်လုံး မိတ်တွေပျက်လို့ မခေါ်နိုင် မပြောနိုင် ရန်သူကြီးတွေ ဖြစ်ကုန်တော့မှာပဲလို့ တွေးပူလို့ပါ။

"ရှက်ဖွယ် ရှက်ဖွယ် အသင် အိုဘားမား" လို့ ကလင်တန်က ဆိုတော့ … အိုဘားမားကလည်း "မနက် ၃ နာရီ ညကြီးမင်းကြီး ထပြီးထိုင်တဲ့ ငါ့ဟဲ့ သမ္မတမ ကလင်တန် … သတိလည်း မကောင်းဘူး" ဆိုပြီး ပြန်ပုတ်ခတ်တာကိုးနော်။ ကိုလိုနီလက်သစ်တို့၊ ပုဆိန်ရိုးတို့၊ မုသာဝါဒီတို့ စတာတွေတော့ မပါဘူးပေါ့လေ။ သို့သော် ဒီက အမေရိကန်သမ္မတလောင်းတွေကလည်း ဆော်ကြ တီးကြတာပါပဲ။

နောက်ဆုံးမတော့ ပရိသတ်ကြီးသိပြီးဖြစ်တဲ့အတိုင်း ဒီမိုကရက်ပါတီက အိုဘားမားကို သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ပါတယ်။ ပြည်သူဆန္ဒ၊ မဲဆန္ဒနဲ့ပါ။ ကလင်တန်ကတော့ လုံလောက်တဲ့ မဲဆန္ဒနယ်ကိုယ်စားလှယ်တွေ မရလို့ ရှုံးပါတယ်။ သူတင် ကိုယ်တင် ပြိုင်ကြတဲ့နေရာမှာ ဆက်ပြီး တင်းခံပြီး ငြင်းကြ၊ ခုန်ကြ အမှုရင်ဆိုင်ကြရင်လည်း ဆက်ပြီး အငြင်းပွားလို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ကလင်တန်ဘက်က သမ္မတဟောင်း ယောကျားင်္ကလင်တန်နဲ့တကွသော လူထုပရိသတ်များ၊ အမျိုးသမီးများဆိုတာ အင်နဲ့အားနဲ့ ပါတီညီလာခံမှာ အယူခံဝင်နိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ ပြိုင်ဖက်ပါတီ ရစ်ပါဗလီကန်များကတော့ ယာလည်းညက်၊ ကြက်လည်းပမ်း၊ ဒီမိုကရက်အချင်းချင်း ခွပ်နေကြတာကို ပြုံးပြုံးကြီး ရှုစားနေချိန်ပေါ့ခင်ဗျာ။

သို့သော်လည်း စိတ်ဒုန်းဒုန်းချပြီးတော့ "နိုင် … နိုင်ပြီဟေ့၊ ရှုံး … ရှုံးပြီဟေ့" လို့ ဆုံးဖြတ်လိုက်တာနဲ့ အမေရိကန်နိုင်ငံရေးရဲ့ မိုးလေ၀သဆိုတာ ချက်ခြင်းကြီး တိမ်တွေကြည်၊ နေတွေသာလို့ တမဟုတ်ချင်း ပြောင်းသွားတာကို မောင်ရစ်တယောက် မျက်ဝါးထင်ထင် မြင်လိုက်ရတာဖြစ်ပါတယ်။ အဆုံးမတော့ ကလင်တန်က ပြုံးပြုံးရွှင်ရွှင်ပဲ သူ ရှုံးပြီ၊ အိုဘားမား နိုင်သွားပြီလို့ ၀န်ခံပါတယ်။ အိုဘားမားကို ချီးကျုး ဂုဏ်ပြုပါတယ်။ သူ့ကိုထောက်ခံတဲ့ လူထုကို အိုဘားမားကို ဆက်လက်ထောက်ခံဖို့ တိုက်တွန်းပါတယ်။ သူ့အရေးထက် ပါတီ့အရေးက အရေးကြီးပါသတဲ့။ ပါတီ့အရေးထက် ပြည်သူ့အရေး တိုင်းပြည်အရေးက အရေးကြီးပါတယ်တဲ့။ ဒီမိုကရက်ပါတီရဲ့ မူဝါဒလမ်းစဉ်တွေကို အကောင်အထည်ဖော်ပြီး တိုင်းပြည်ကောင်းစားဖို့အရေး လုပ်ကြရ၀ယ် အိုဘားမားကို သမ္မတအဖြစ် အောင်မြင်စေရေး သူကိုယ်တိုင်လည်း အုတ်တချပ် သဲတပွင့် ဆက်လက် ထမ်းရွက်မယ်လို့ လူထုပရိသတ်ကို ပန်ကြားလိုက်တာ ဖြစ်ပါတယ်။ သူတို့တွေဟာ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပေမယ့် မိတ်ဆွေတွေပါ။ ရန်သူတွေ မဟုတ်ဘူးဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပါ ခင်ဗျာ။

လွန်ခဲ့တဲ့ ၈ နှစ်က ဒီမိုကရက် သမ္မတလောင်း အယ်လ်ဂိုးက အောင်နိုင်သူ သမ္မတ ဘွရှ်ကို လက်ဆွဲနှုတ်ဆက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က ဒီမိုကရက်သမ္မတလောင်း ကယ်ရီက အောင်ပွဲဆက်သူ သမ္မတ ဘုရှ်ကို ဒီလိုပဲ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။ မူဝါဒတွေမှာ၊ သဘောထားတွေမှာ မတူကြပေမယ့် ပြိုင်ကြဆိုင်ကြပေမယ့် တိုင်းပြည်တခုထဲက နိုင်ငံသား အချင်းချင်းဆိုတာ ရန်သူတွေ မဟုတ်ဘူးလို့ သူတို့နိုင်ငံရေး စနစ်၊ ရွေးကောက်ပွဲစနစ်နဲ့ အခြေခံဥပဒေကြီးက သက်သေပြလိုက်ပါတယ်။

ရွေးကောက်ပွဲ နိုင်တာတောင် အာဏာမလွှဲနိုင်သေးဘဲ အမျိုးသားညီလာခံတို့၊ လမ်းညွန်မြေပုံ ၇ ချက်တို့၊ အခြေခံဥပဒေအသစ်တို့တွေနဲ့ တောပြော တောင်ပြောတွေ မလုပ်တတ်ရှာကြဘူးခင်ဗျာ။ အတိုက်အခံတို့၊ ပြိုင်ဖက်တို့၊ နိုင်ငံရေးသမားတို့၊ ကျောင်းသားတို့၊ စာနယ်ဇင်းသမားတို့ကို ရန်သူများသဖွယ် သဘောထားပြီး ထောင်ချခြင်း၊ သတ်ဖြတ်ခြင်း၊ တိုင်းပြည်က မောင်းထုတ်ခြင်းလည်း မလုပ်တတ်ကြရှာဘူး ခင်ဗျာ။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူတွေကို ရန်သူလို့ သဘောမထားတာကို မောင်ရစ်ကတော့ ဖြုံတောင်သွားပါတယ်။ ဘယ့်နှယ် မောင်ရစ်တောင် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အမတ်ဝင်ရွေးဖို့ မပြောနဲ့ မဲတောင် မပေးခဲ့ရဘူး။ ပြေးနေရတာကိုး ခင်ဗျာ။ ခုလည်း ၂၀၀၈ မြန်မာပြည် ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲတောင် မပေးရဲကြရှာဘူး။ ကြောက်လွန်လွန်းလို့ပါ။ စစ်အစိုးရနဲ့ အလိုတော်ရိတွေက ပြည်သူကို ရန်သူကြီးတွေအဖြစ် ကျေးကျွန်တွေအဖြစ် မျက်ထောင့်နီကြီးတွေနဲ့ စောင်နေကြတာကိုးလေ။

အာဖရိကမှာ ဆူဒန်မှာ ရွေးကောက်ပွဲလုပ်တော့ ရွာတွေကို အာဏာရှင်လက်ပါးစေတွေက ၀င်ပြီး စီးနင်းပါတယ်။ မဲပေးရင် သူတို့ ရှုံးမှာစိုးတော့ ရွာသားတွေကို မဲမပေးရအောင် မဲပေးမယ့် လက်တွေကို ဒါးနဲ့ ခုတ်ဖြတ်ပစ်ပါတယ်တဲ့။ သူတို့ကို လက်နက်ကိုင်ပြီး ပြန်တိုက်မှာလည်း စိုးရိမ်ပုံရပါတယ်။ သူတို့ရွေးကောက်ပွဲဆိုတာ အာဏာရှင်တွေ အာဏာဆက်တည်အောင် သူတို့နိုင်မှ ရမယ့် စိတ်တိုင်းကျပွဲတွေ ဖြစ်ကုန်ပါတယ်။ ရှုံးရင်လည်း မနိုင်မချင်း ရွေးကောက်ပွဲကို လုပ်နေတော့ ကန့်ကွက်မယ့်လူတွေကို မျိုးဖြုတ်ပစ်နေတော့ နောက်ဆုံးမှာ ပြိုင်ဖက်မရှိ တဦးတည်းသော ရွေးချယ်ခံ အာဏာရှင်တွေ ဖြစ်ကုန်ကြတာကိုးလေ။ တဦးတည်း အပြေးပြိုင်တာ သူချည်းသာ ပထမ ရ ဆိုသလိုပေါ့လေ။

ခုလေးတင် ဇင်ဘာဘွေက ရွေးကောက်ပွဲမှာ လက်ရှိအာဏာရှင်သမ္မတ မူဂါဘီက အတိုက်အခံကို ရှုံးတော့ ရှုံးမဲ မဲပြီး ကြမ်းလိုက်ရမ်းလိုက်တာ နောက်ဆုံး အတိုက်အခံခေါင်းဆောင်ခင်မျာ ရွေးကောက်ပွဲက နှုတ်ထွက်လိုက်ရရှာပါတော့တယ်။ အဲသည်မှာမှ မူဂါဘီကြီးက ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပြီး နန်းသိမ်းပြန်ပါတော့တယ်လို့ ကြားသိရပါတယ်။ မူဂါဘီတယောက် သူတိုင်းပြည်မှာ သူနဲ့မတူ ရန်သူရယ်လို့ သဘောထားပြီး သတ်ဖြတ်အကြမ်းဖက် ဖြေရှင်းတာဟာ ဘယ်နိုင်ငံတွေကို သင်ခန်းစာယူလိုက်လေသလဲလို့ မောင်ရစ်လည်း ကြောက်လို့ မပြောတော့ပါဘူးလေ။

နိဂုံးချုပ်အနေနဲ့ တခုပဲ မောင်ရစ် အမေရိကန်သမ္မတကြီး မစ္စတာဘုရှ်ကို ပြောချင်ပါတယ်။ တိုင်းပြည်ကို ၈ နှစ်တည်း အုပ်ချုပ်ပြီး နေရာက ဆင်းပေးရဲတာ နည်းတဲ့ သတ္တိမဟုတ်ပါဘူးခင်ဗျား။ ခင်ဗျား အာဏာရတုံး အခြေခံဥပဒေကို ပြင်ဆင်ပြီး သမ္မတသက်တမ်းကို တိုးလည်း မတိုး၊ လျော့လည်း မလျော့ချသွားတဲ့အတွက်လည်း အံသြမိပါတယ်။ ပြည်ပက အကြမ်းဖက်သမားတွေ၊ အာဏာရှင်တွေကို တွန်းလှန်နေရချိန်မှာ တိုင်းပြည်ကို အရေးပေါ်အခြေအနေ မကြေညာဘဲ အာဏာမသိမ်းဘဲ ထားတာကိုလည်း လေးစားလှပါတယ်။ ဓာတ်ဆီဈေးက တဂါလံ မြန်မာငွေ ၆၀၀၀ ကျပ်ဖြစ်အောင် အုပ်ချုပ်ပေးပြီးနောက် ဒီလိုဆီဈေးတက်တာဟာ အားလုံးဝိုင်သုံးနေကြလို့ ဈေးကွက်က တောင်းဆိုလို့ ဈေးတက်တာ ငါနဲ့ မဆိုင်ဘူးလို့ ရိုးရိုးကြီး ငြင်းခုန်ရဲတာကိုလည်း အားရလှပါတယ်။ မြန်မာပြည်မှာလိုမျိုး အမေရိကန်ပြည်သူတွေကို ကြက်ဆူပင် မစိုက်ခိုင်းတာကိုလည်း ၀မ်းသာအားရဖြစ်မိပါတယ်။

သမ္မတအလုပ်က အနားယူပြီးနောက်ပိုင်းမှာ အဆင်ပြေတဲ့နေ့ ကျနော်တို့ သမ္မတကြီး ဘုရှ်ကို မြန်မာပြည်ကို သွားရောက်ဖို့ ခုထဲက ဖိတ်ကြားလိုပါတယ်။ မိတ်ဖြစ်ဆွေဖြစ်ပေါ့ခင်ဗျာ။ ခင်ဗျားတို့ရဲ့ တိုင်းပြည်နိုင်ငံရေး လှုပ်ရှားမှုမှာ ရန်သူမရှိ မိတ်ဆွေသာ ရှိဆိုတာကို မြန်မာပြည်သန်းရွှေတို့ကို ဟောပြောသွန်သင်ပေးဖို့ အတွက်။ ဟိုလူတွေလည်း ခေါ်ခဲ့လို့ရပါတယ်။ အိုဘားမားတို့၊ ကလင်တန်တို့၊ မက်ကိန်းတို့လည်း ဧည့်သည်ပေါ့နော်။ မူဂါဘီတော့ မခေါ်တော့ဘူး။ သူက အရင်ရောက်ချင်ရောက်နေမှာ။ အဟိ …

0 Comments: