6th July, 2009
မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ မိမိကိုယ်ပိုင် အထင်အမြင်ကို ထုတ်ဖော်မပြောဆိုမီ “ကျွန်တော်ကတော့ သာမန်ပြည်သူပါ” ဟူ၍ စကားခံပြောကြားသည်ကို မကြာခဏ ကြုံရလေ့ရှိသည်။ ဤသို့ပြောရခြင်း၏ နောက်ကွယ်တွင် အကြောင်းအမျိုးမျိုးရှိနိုင်သည်။
တချို့က မိမိ မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော် မိတ်ဆက်သည့်အနေဖြင့် သဘောရိုးပြောကြားခြင်းဖြစ်သည်။ အချို့ကမူ မိမိစကားထဲတွင် တစုံတရာ အမှားအယွင်းပါသွားပါက မိမိအား ပြန်လည်မဝေဖန်စေရန်အတွက် ကြိုတင်၍ ထန်းလက်ဖြင့် ကာထားခြင်းဖြစ်သည်။ သူ့အမှားကို တဖက်က ထောက်ပြလာလျှင် “ကျွန်တော်ပြောတယ်မဟုတ်လား။ ကျွန်တော်က သာမန်ပြည်သူပါလို့”…. ဟု ပြန်ပြောနိုင်ရန် ဖြစ်လေသည်။
အချို့ကမူ နိုင်ငံရေးသမားဟု အထင်မခံလိုခြင်းကြောင့် ဖြစ်သည်။ ဤသို့ အထင်မခံလိုခြင်းမှာ မိမိကိုယ်တိုင်က အမှန်တကယ် နိုင်ငံရေးသမားမဟုတ်သည့်အတွက်ကြောင့်တကြောင်း (သို့တည်းမဟုတ်) နိုင်ငံရေးသမားဆိုသည် ကလိန်ကကျစ်လူများ၊ လူလည်များဟု သတ်မှတ်လိုခြင်းကြောင့်တကြောင်း ဖြစ်နိုင်ပါသည်။
မြန်မာပြည်ကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ၊ ဖမ်းဆီးထောင်ချခံနေရသော နိုင်ငံရေးအကျဉ်းသားများ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ စသူတို့အား နိုင်ငံရေးသမားများအဖြစ်ဖြင့် အများစုက သတ်မှတ်ကြသည်။ ထိုသူတို့အား မိမိကိုယ်ကို သာမန်ပြည်သူဟု ကင်ပွန်းတပ်သူ အချို့ (အချို့ဆိုသော်လည်း အရေအတွက်မှာ မနည်းလှ)က နည်းမျိုးစုံဖြင့် ဝေဖန်ကြသည်။ ဆဲရေးကြသည်။ သူတို့၏ လုပ်ပုံကိုင်ပုံကို နည်းလမ်းမကျ၊ အသုံးမကျ၊ ခရီးမတွင်၊ မအောင်မြင် စသဖြင့် သာမန်ပြည်သူဟူသော နာမည်ကို တွင်တွင်ကြီး သုံးကာ တဖက်သတ် ဝေဖန်ကြ၊ ဆဲဆိုကြသည်ကို အစဉ်လိုလို မြင်တွေ့နေရသည်။
ယင်းကို တွေ့မြင်ရသောအခါ “နိုင်ငံရေးသမား” နှင့် “သာမန်ပြည်သူ” ဆိုသော ဝေါဟာရ ပညတ်ချက်များနှင့် အဓိပ္ပါယ်ဖွင့်ဆိုမှုများကို တွေးတောသုံးသပ်ကြည့်မိသည်။ ထိုအခါတွင် မြန်မာ့နိုင်ငံရေးနယ်ပယ်၌ ထိုသို့ တဖက်သတ် ဝေဖန်၊ ဆဲဆိုနေကြသည်မှာ တရားမျှတပါ၏လောဟု ထပ်မံစဉ်းစားစရာ ဖြစ်လာသည်။
အင်္ဂလိပ်အဘိဓါန်တွင် နိုင်ငံရေးသမားဆိုသည်မှာ နိုင်ငံရေးနှင့် ပတ်သက်၍ အသက်မွေးဝမ်းကြောင်းပြုသူ၊ အထူးသဖြင့် ရွေးချယ်တင်မြှောက်ခြင်းခံရသော ရာထူးတခုကို လက်ကိုင်ထားသူဟု အတိုချုံး အဓိပ္ပါယ်ရပါသည်။
ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အရဆိုလျှင် အထက်တွင်ပြောခဲ့သော မြန်မာပြည်မှ နိုင်ငံရေးသမားဆိုသူများမှာ နိုင်ငံရေးအပေါ်မှီတည်၍ အသက်မွေးနိုင်ကြသူများ မဟုတ်ကြ။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မိသဖြင့် မိမိတို့၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုပင် တားဆီးပိတ်ပင် ကန့်သတ်ခံကြရရှာသေးသည်။ ထို့ကြောင့် ထိုသူများကို နိုင်ငံရေးသမားဟု လူတန်းစား ခွဲခြားသတ်မှတ်နေခြင်းကပင် ကျနော်တို့၏ အခြေခံအမှားဖြစ်သည်။ အမှန်စင်စစ် မြန်မာပြည်တွင် နိုင်ငံရေးလုပ်၍ အသက်မွေးနိုင်ကြသည်မှာ စစ်ဗိုလ်ချုပ်များနှင့် သူတို့၏ နောက်လိုက် အပေါင်းပါများသာ ရှိသည်။
လွတ်လပ်သောနိုင်ငံများတွင်မူ နိုင်ငံရေးသမားများကို ပြည်သူလူထုက ပုံမှန်ပြုလုပ်ကျင်းပသော ရွေးကောက်ပွဲများတွင် မဲထည့်ကာ ရွေးချယ်တင်မြှောက်ကြသည်။ ရာထူးကို ရရှိလာသူ နိုင်ငံရေးသမားများအနေဖြင့် ပြည်သူလူထုအတွက် အကျိုးပြုသော ပေါ်လစီများကို ချမှတ်အကောင်အထည်ဖော်ရသည်။ ထိုနေရာတွင် မအောင်မြင်ပါက သူ့အားရွေးချယ်တင်မြှောက်ခဲ့သော၊ သူ့အား ထိုက်သင့်သည့်လစာပေးထားသော အခွန်ထမ်းပြည်သူလူထုအနေဖြင့် ထိုသူအား မသက်မညှာ ဝေဖန်ပိုင်ခွင့်ရှိသည်။ နောင်ရွေးကောက်ပွဲတွင် ထိုသူအား မရွေးချယ်တော့ဘဲ နေပိုင်ခွင့်ရှိသည်။ ထိုအနေအထားမျိုးတွင် အခွန်ထမ်းပြည်သူတဦးအနေဖြင့် မိမိကိုယ်ကို “သာမန်ပြည်သူတဦးပါ၊ နိုင်ငံရေးသမားမဟုတ်ပါ” ဟုလည်း ခွဲခြားပြောကြားသည်မှာ သဘာဝကျသည်။
မြန်မာပြည်တွင် ၁၉၉၀ ခုနှစ်က အထွေထွေရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်လောင်းများအား တခဲနက်မဲပေး၍ ရွေးချယ်တင်မြှောက်လိုက်သော်လည်း ထိုသူများမှာ သူတို့၏ လွှတ်တော်အမတ်တာဝန်ဝတ္တရားကို ထမ်းဆောင်ခွင့်မရသေး။ လွှတ်တော်အမတ်လစာဖြင့် အသက်မွေးရန် မဆိုထားနှင့်၊ နအဖအစိုးရ၏ ဖမ်းဆီးထောင်ချမခံရလျှင်ပင် ကံကောင်းလှပေသည်။ ထိုသို့အနေအထားတွင် ရွေးချယ်တင်မြှောက်ခံရသော လွှတ်တော်အမတ်များကို ကျွန်တော်တို့က အခွန်ထမ်းသာမန်ပြည်သူဖြစ်သဖြင့် သူတို့၏ မအောင်မြင်မှု၊ အသုံးမကျမှုများကို တဖက်သတ်ဝေဖန်မည်ဆိုပါက တရားမျှတသည် မဆိုသာ။ တကယ်တော့ ထိုသူများသည်လည်း မိမိကိုယ်ကို “သာမန်ပြည်သူ”ဟု ပြောဆိုနေကြသူများနှင့် ဘာမှကွာခြားလှသည်မဟုတ်။ သာမန်ပြည်သူဆိုသူများထက်ပင် သူတို့မှာ အကြပ်အတည်းကို ရင်ဆိုင်ရပေသေးသည်။ သာမန်ပြည်သူဆိုသူများနှင့် ကွာခြားသည့် အချက်မှာ ထိုသူတို့သည် မိမိနိုင်ငံကို စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် အခြားသူများထက် ပိုမိုတက်ကြွစွာ၊ တာဝန်ကျေပွန်စွာ လုပ်ဆောင်နေကြခြင်းသာ ရှိသည်။
အချို့ကလည်း ရွေးကောက်ပွဲတွင် ပြည်သူက မဲထည့်ကာ အခွင့်အာဏာပေးလိုက်သဖြင့် ပြည်သူ့တာဝန်ကျေပြီ။ အခွင့်အာဏာ (Mandate) အပ်နှင်းခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ၊ အမတ်များ၏ တာဝန်သာကျန်တော့သည်ဟူသည့် စကားမျိုးကို ဆိုကြသည်။ ဤစကားမျိုးကြားတိုင်း “ကံဆိုးသူ မောင်ရှင်” ဟူသော ပုံပြင်ကိုသာ သတိရမိတော့သည်။
ဤအဖြစ်အပျက်ကို အနီးစပ်ဆုံးတူညီသည့် ဥပမာတခုကို ပေးရလျှင် စစ်မြေပြင်တွင် တဖက်မှ ရန်သူက စက်သေနတ်ဖြင့် ခေါင်းမဖော်နိုင်အောင် ပစ်ခတ်နေချိန်တွင် မိမိဖက်မှ တစုံတယောက်အား ကတုပ်ကျင်းအတွင်းမှ ထွက်၍ ထိုစက်သေနတ်အား လက်ပစ်ဗုံးနှင့် သက်စွန့်ဆံဖျား တက်ထုရန် ရွေးချယ်တင်မြှောက်ခြင်းနှင့် အလားသဏ္ဍာန်တူပေလိမ့်မည်။ (ရွေးချယ်တင်မြှောက်ခြင်းဆိုသည်မှာ ဥပမာအနေနှင့် ပြောခြင်းမျှဖြစ်ပါသည်။ စစ်တပ်တွင်တော့ တက်ထုကွာဟု အမိန့်ပေးလိုက်ရုံသာ ရှိပေလိမ့်မည်။)
စစ်မြေပြင်တွင် တစုံတယောက်ကို ကတုတ်ကျင်းမှထွက်၍ လက်ပစ်ဗုံးဖြင့် တက်ထုရန် တာဝန်ပေးလျှင် ထိုသူ ကတုတ်ကျင်းမှ ထွက်နိုင်ရေးအတွက် ကျန်သော တပ်သားများကလည်း ရန်သူအပစ်လျော့သွားစေရန် အနည်းဆုံးတော့ ကာပစ် ပစ်ပေးရမည်။ အားလုံးက ကတုပ်ကျင်းထဲတွင် ခေါင်းမဖော်ဘဲ ၀ပ်နေလျက် တဦးတယောက်အား လက်ပစ်ဗုံးနှင့် တက်ပစ်စေလိုခြင်းမှာလည်း သဘာဝကျလှသည်မဟုတ်။ အောင်မြင်နိုင်မည်လည်း မဟုတ်။ ထိုထက်ပိုဆိုးသည်မှာ သက်စွန့်ဆံဖျား လက်ပစ်ဗုံးနှင့် တက်ထုရသူကို ကတုတ်ကျင်းအတွင်း (သို့မဟုတ်) နောက်တန်း ကျည်ကွယ်ရာအရပ်တွင် အမြိုင့်သားထိုင်နေသူများက “ဒီကောင် လက်ပစ်ဗုံးပစ်ပုံက အသုံးမကျလို့ ငါတို့ ခေါင်းမဖော်နိုင်တာ”ဟု ပြောဆိုခြင်းမျိုး ဖြစ်သည်။
တကယ်တမ်းတွင်မူ စစ်အာဏာရှင်စနစ်သည် ကျွန်တော်တို့ တနိုင်ငံလုံးကို ဂုတ်ခွစီးထားခြင်းဖြစ်သည်။ ထိုစစ်အာဏာရှင်စနစ်ပြုတ်ကျအောင် ဆောင်ရွက်ရန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းတွင်သာ တာဝန်ရှိသည်မဟုတ်။ ကျောင်းသားခေါင်းဆောင်များတွင်သာ တာဝန်ရှိသည်မဟုတ်။ ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားများတွင်သာ တာဝန်ရှိသည်မဟုတ်။ လူ့အခွင့်အရေးလှုပ်ရှားသူများတွင်သာ တာဝန်ရှိသည်မဟုတ်။ ပြည်ပမှ မြန်မာ့အရေးလှုပ်ရှားကြသူများတွင်သာ တာဝန်ရှိသည်မဟုတ်။ သာမန်ပြည်သူဆိုသူများအပါအ၀င် အားလုံးသော မြန်မာနိုင်ငံသားများတွင် တန်းတူညီမျှ တာဝန်ရှိပေသည်။
အချုပ်ဆိုရသော် ဤဆောင်းပါးသည် နိုင်ငံရေးသမားများ၊ ပါတီ အဖွဲ့အစည်းများကို မဝေဖန်ဘို့ ပြောနေခြင်းမဟုတ်။ ဝေဖန်မှုသည် တိုးတက်မှုအတွက် လိုအပ်သည်။ သို့သော် လက်ရှိမြန်မာနိုင်ငံအခြေအနေအရ မလွတ်လပ်သေးသည့် အနေအထားတွင် မိမိကိုယ်တိုင်က ဘာမှ မလုပ်ဘဲ “သာမန်ပြည်သူ” အမည်တပ်ကာ ဝေဖန်နေခြင်းမှာ တရားနည်းလမ်းလည်း မကျ။ တဖက်သတ်လည်း ဆန်လွန်းသည်ဟု ထင်ပါသည်။
တကယ်တမ်းတွင်မူ “သာမန်ပြည်သူ” ဆိုသူများတွင်လည်း မြန်မာပြည်အား စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်အောင် ကြိုးပမ်းရန်အရေးတွင် “နိုင်ငံရေးသမား”ဟု ကင်ပွန်းတပ်ခံရသူများနည်းတူ တန်းတူညီမျှ တာဝန်ကိုယ်စီ ရှိကြပါသည်။
ကိုပေါ
Sunday, July 5, 2009
“သာမန်ပြည်သူ”
Posted by newlight at 9:08 PM 2 comments
Labels: article
ဘန်ကီမွန်း ရောင်းမစွန်ခဲ့တဲ့ ပစ္စည်းသုံးမျိုး
6th July, 2009
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းတစ်ယောက် မြန်မာပြည်ရောက်မလာခင်ကတည်းက ပစ္စည်းသုံးမျိုးကို ကြိုပြီးကြေငြာထားခဲ့ပေမယ့် အခုတော့ ၄င်းပစ္စည်းတွေ မရောင်းရသလောက်ဖြစ်ပြီး ကိုယ့်အထုပ်လေးကို ပြန်သယ်လို့ မြန်မာပြည်က ထွက်သွားခဲ့ရပါပြီ။ အဲဒီပစ္စည်းသုံးမျိုးတွေကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်းသားအဖွဲ့များအပါအဝင် အတိုက်အခံ အဖွဲ့များအားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရေး ဆိုတဲ့အချက် ၃ ချက်ကို စစ်အစိုးရထံ အဓိက တောင်းဆိုမယ်ဖြစ်ကြောင်း ပြောဆို ထားခဲ့ပါတယ်။
အခုတော့လည်း သူရဲ့ခရီးစဉ်အတွင်းမှာ အင်းစိန်အကျင်းထောင်ထဲမှာ ထိန်းသိမ်းခံနေရတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတိုင် တွေ့ဆုံခွင့်မရရှိခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့တရားခွင်ကို နောက်တစ်ပတ်ထဲအထိ ရွှေ့ဆိုင်းလိုက်ပါတယ်။ တကယ်တော့ မစ္စတာဘန်ကီမွန်း ဟာ မြန်မာပြည်ခရီးစဉ်ကို သူရဲ့ လက်ထောက်တွေနဲ့ သွားသင့် မသွားသင့်ဆိုတာကို ကြိုတင်ပြီးအသေအချာ ပြင်ဆင်ခဲ့တာပါ။ အမေရိကန် အစိုးရအရာရှိတွေကတော့ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို တရားရုံးမှာ တရားစွဲဆိုထားတဲ့ကာလနဲ့ တိုက်ဆိုင်နေချိန်မှာ မစ္စတာဘန်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ စစ်အစိုးရရဲ့ အသုံးချမှုကို ခံရနိုင်တယ်လို့ သတိပေးခဲ့တယ်လို့ဆိုပါတယ်။ မစ္စတာဘန်ရဲ့ခရီးစဉ်ကနေ ဒေါ်စုအပေါ်စွဲဆိုထားတဲ့ အမှုတွေကို တရားဝင် ထောက်ခံပေးလိုက်သလို ဖြစ်သွားမှာကို အခြားလူအခွင့်အရေး အဖွဲ့အစည်းတွေကလည်း စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြပြီးလည်းဖြစ်ပါတယ်။
ကုလသမဂ္ဂအရာရှိအချို့ကတော့ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်ကိစ္စနှင့်ပတ်သက်ပြီး သီရိလင်္ကာနိုင်ငံကို စစ်ပွဲပြီးလျှင်ပြီးချင်း သွားခဲ့တုန်းကအဖြစ်မျိုးလို နောက်တစ်ကြိမ်ဖြစ်မှာကို စိုးရိမ့်ခဲ့ကြပါတယ်။ အဒီတုန်းက အစိုးရစစ်တပ်နှင့် တမီးလွတ်မြောက်ရေးသူပုန်တို့အကြား ဖြစ်ပွါးနေတဲ့ စစ်ပွဲတွေအတွင်းမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေကို အကူညီပေးရေး သက်ဆိုင်ရာအစိုးရနှင့် စေ့စပ်ပေးရေးဆိုပြီးလာခဲ့တာပါ.။ အဲဒီအချိန်ဟာ တစ်မီးသူပုန်တွေကို တိုက်ခိုက်ပြီး နေရာအတော်များများကို သိမ်းယူပြီးတဲ့ အချိန်ဖြစ်နေပါပြီ။ အစိုးရဘက်ကနေပြီး ဆောက်လုပ်ပေးထားတဲ့ ဒုက္ခသည်စခန်းတွေက စစ်အတွင်း ဒုက္ခသည်တွေထံကိုလည်း အလည်သွားရောက်ခဲ့ပါတယ်။ ဒါကြောင့် ဒုက္ခရောက်နေသူတွေကို အကူအညီပေးဖို့ ကယ်တင်ဖို့ဆိုတဲ့ သူရဲ့အားထုတ်မှုတွေဟာ အစိုးရဘက်ကပြသတဲ့ ဒုက္ခသည်စခန်းတွေနှင့် အခြေအနေတွေကောင်းနေပါပြီဆိုတဲ့ ပြောဆိုချက်တွေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါကြောင့်သူရဲ့ခရီးစဉ်ဟာ အစိုးရဘက်က သူပုန်တွေအပေါ်မှာ နှိုင်းနင်းတဲ့ကိစ္စကို တဖက်သတ် ထောက်ခံအားပေးသလိုဖြစ်ခဲ့တာကြောင့် အစိုးရရဲ့ အသုံးချမှုကို ခံလိုက်ရတယ် ဆိုတဲ့သတင်းမျိုးတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုလိုအဖြစ်အပြက်တွေကြောင့် လူအခွင့်အရေးအဖွဲ့တွေက မစ္စတာဘန်ရဲ့ မြန်မာပြည် ခရီးစဉ်ကိစ္စနှင့်ပတ်သက်ပြီး စစ်အစိုးရရဲ့ အသုံးချမှုကို ခံရနိုင်တယ်လို့ ဟောကိန်းထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
အခြားတစ်ဖက်ကလည်း ကုလသမဂ္ဂအသိုင်းအ၀ိုင်းအနေနဲ့ အကောင်းဘက်ကနေကြည့်ပြီး မျှော်လင့်ခဲ့ကြတာလည်း ရှိပါတယ်။ အဲဒါတော့ မစ္စတာဘန်ကီမွန်းအနေနဲ့ ၂၀၀၈-ခုနှစ် နာဂစ်လွန်ကာလမှာ ရရှိခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေအပေါ် သူရဲ့ ပုဂ္ဂိုလ်ရေး အကျွန်းဝင်မှုကို အသုံးချပြီး မြန်မာနိုင်ငံရေးကိစ္စမှာ ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ယခုအချိန်မှာတော့ ကုလ အတွင်းမှုးချုပ်ရဲ့ ခရီးစဉ်ကိစ္စနှင့်ပတ်သက်ပြီး အကျိုးရလာဒ်ကိုတိတိကျကျ ပြောဖို့က ခက်ပါတယ်။
အများကမျှော်လင့်ခဲ့ကြတာကတော့ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ ခရီးစဉ်အပေါ်အခြေခံပြီး နိုင်ငံရေးအကျဉ်းသား အများစုလွတ်မြောက်လာတာမျိုးတွေ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရှိတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒီမျှော်လင့်ချက်တွေဟာလည်း အခုတော့ လေထဲမှာပဲ ပျောက်ကွယ်လို့သွားခဲ့ရပါပြီ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ကို တောင်းဆိုခဲ့တဲ့အခါမှာလည်း သူမဟာ လက်ရှိမှာ တရားရင်ဆိုင်နေရတာကြောင့် တွေခွင့်မပေးနိုင်ပါဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ တွေ့ဆုံခွင့်ကို ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသားများကို ချက်ချင်းလွှတ်ပေးရေးဆိုတဲ့ မျှော်လင့်ချက်ကလည်း တိမ်မြုတ်ပျောက်ကွယ်သွားခဲ့ရပါတယ်။ ယခင် ဓနသဟာယနိုင်ငံများအသင်းရဲ့ အထွေထွေအတွင်ရေးမှုးချုပ်ဟောင်း Don McKinnon ကတော့ မစ္စတာဘန်ကီမွန်းအနေနဲ့ လက်ဗလာချည်း အိမ်ပြန်လာရတယ်ဆိုတာကတော့ ကုလသမဂ္ဂအတွက်ရော အထွေထွေအတွင်းရေးမှုးအတွက်ပါ အင်မတန်မှ မကောင်းတဲ့ ကိစ္စပါလို့ပြောခဲ့ဖူးပါတယ်။
ဒါဆိုရင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်က ဘာတွေ အမြတ်ထွက်ခဲ့သလဲ ကြည့်ကြရအောင်ပါ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လွပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုးဖြစ်အောင် ကျင်းပပေးမယ်လို့ပြောခဲ့ပါသတဲ့။ ဒီရွေးကောက်ပွဲဟာ ၁၉၉၀ ပြည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီ NLD အနိုင်ရခဲ့ပြီးတဲ့နောက်ပိုင်း နှစ်နှစ်ဆယ်အတွင်းမှာ ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါလိမ့်မယ်။ အဆိုပါရွေးကောက်ပွဲဟာ နအဖ တင်ပြခဲ့တဲ့ နိုင်ငံရေးလမ်းပြမြေပုံခုနစ်ခုထဲက တစ်ခုအပါအ၀်လည်းဖြစ်ပါတယ်။ သူတို့အဆို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုတာကလည်း သူတို့အာဏာကို ဆုပ်ကိုင်ထားနိုင်ရေး အာဏာတည်မြဲရေးအတွက်ပဲဖြစ်တယ်ဆိုတာ နိုင်ငံရေးဆန်းစစ်လေ့လာသူတွေအကြား မှာ အမြဲဝေဖန်နေကြပါတယ်။
မစ္စတာဘန်ကီမွန်း ကြိုတင်ပြီးကြေငြာထားခဲ့တဲ့အချက်သုံးချက်ထဲက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဆိုတဲ့ ပထမ အချက်ဖြစ်လာ မလာ ဆိုတာတော့ ကြိုတင်မခန့်မှန်းနိုင်သေးပေမယ့် လက်တွေမှာတော့ အကျဉ်းသားတစ်ယောက်လိုဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင် တွေဆုံခွင့်ကို မရရှိခဲ့တဲ့ အပြင် NLDအဖွဲ့ဝင်တွေကိုလည်း ဆက်လက်ဖမ်းဆီးလျှက်ရှိပါတယ်။ မျက်နှာချင်းဆိုင်ပြီးတောင်းဆိုခဲ့တဲ့ တောင်းဆိုချက်ကိုတိုင် အားနာပါးနာမလိုက်လျောခဲ့မှဖြင့် မျက်ကွယ်မှာဖြစ်လာမယ့် နောက်တောင်းဆိုချက် နှစ်ချက်ကရော ဘယ်လောက်ထိ မျှော်လင့်ချက်ရှိနိုင်ပါသလဲဆိုတာကတော့ စဉ်းစားစရာပါ။ အကြောင်းကတော့ နအဖစစ်အစိုးရနေနဲ့ ပေးထားတဲ့ကတိ ဘယ်တုန်းကမှ မတည်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး ခြုံငုံပြီးကြည့်လိုက်ရင် ယခုလောလောဆယ်မှာ ဘာအကြိုးရလာဒ်မှ မဖြစ်ပေါ်ခဲ့သလို နောက်ထပ်လည်းမျှော်လင့်စရာတော့ သိပ်ပြီးမရှိနိုင်ပါဘူး။ မြန်မာပြည်မသွားခင်ကတည်းက ကြိုပြီး ကြော်ငြာထားခဲ့ရတဲ့ ပစ္စည်းတွေကလည်း လျှော့ဈေးနဲ့တိုင် ရောင်းမစွန်ခဲ့လေတော့ ကိုယ့်အထုပ်လေးကို ပြန်ပိုက်ပြီး အိမ်ပြန်ခဲ့ရပြန်ရော့ပေါ့။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်တစ်ယောက် သူထမ်းလာတဲ့အထုပ် သူပြန်ထမ်းသွားခဲ့ရသလို မြန်မာပြည်သူတွေမှာလည်း နှစ်ပေါင်း များစွာထမ်းလာခဲ့ရတဲ့ စစ်အုပ်စုရဲ့ ဒါဏ်ထုပ် ၀န်ထုပ်ဝန်ပိုးကြီးတွေကို ဘယ်လောက်ကြာသည်အထိများ ဆက်လက် ထမ်းဆောင်ကြရအုံးမှာလည်း ဆိုတာကတော့ မတွေးဝံ့စရာပဲဖြစ်ပါတော့တယ်။
အော်---ဒုက္ခ-ဒုက္ခ။ ဝိပရိဏာမ ဒုက္ခ။ စစ်အစိုးရ ဒုက္ခ။
သခင်နွယ် (MSMA)
Posted by newlight at 9:03 PM 0 comments
Labels: article
တစ်လောကလုံးက ပြောနေပြီ....မင်းကို လေ
6th july, 2009
-ကျော်သိင်္ခ-
“ယုတ်မာတဲ့မျက်ခွက်၊ စုတ်ချာတဲ့မျက်ခွက်”
“အရှက်မရှိတဲ့မျက်ခွက်၊ နှစ်ဘက်မကြည့်တဲ့မျက်ခွက်”
“တဏှာများတဲ့မျက်ခွက်၊ မာယာများတဲ့မျက်ခွက်”
“အစာတောင်းတဲ့မျက်ခွက်၊ မသာလောင်းရဲ့မျက်ခွက်”
“အမျိုးဖြုတ်မယ့်မျက်ခွက်၊ သူခိုးလုပ်တဲ့မျက်ခွက်”
“ဘုန်းကြီးသတ်တဲ့မျက်ခွက်၊ ကုန်းပြီးဟပ်တဲ့မျက်ခွက်”
“ပြိုင်ဘက်ကင်းတဲ့မျက်ခွက်၊ နိုင်ထက်နင်းမယ့်မျက်ခွက်”
“ဥာဏ်များလှတဲ့မျက်ခွက်၊ ခံစားရမယ့်မျက်ခွက်”
“အာဏာပေါတဲ့မျက်ခွက်၊ ပါဝါလျှောမယ့်မျက်ခွက်”
“ဒီတစ်ခါရူံးမယ့်မျက်ခွက်၊ လူတကာမုန်းတဲ့မျက်ခွက်”
“ဗီလိမ်ရုပ်နဲ့မျက်ခွက်၊ ဇီဝိန်ချုပ်မယ့်မျက်ခွက်”
“လုပ်ကြံတော့မယ့်မျက်ခွက်၊ သုဿန်လျှောမယ့်မျက်ခွက်”
“မသေသေးတဲ့မျက်ခွက်၊ မအေပေးရဲ့မျက်ခွက်”
“နဂိုမလှတော့တဲ့မျက်ခွက်၊ သင်္ဂြိုဟ်ရတော့မယ့်မျက်ခွက်”
“ဖျာလိပ်ပတ်ရမယ့်မျက်ခွက်၊ ငါနှိပ်စက်ရမယ့်မျက်ခွက်”
“မိန်းမရှုံးတဲ့မျက်ခွက်၊ ကိစ္စတုံးမယ့်မျက်ခွက်”
Posted by newlight at 9:00 PM 0 comments
Labels: poem
Thursday, July 2, 2009
အချိန်မနှောင်းသေးပါ
2nd July, 2009
မကြာသေးခင် လများအတွင်းမှာပဲ နအဖ ကျောထောက်နောက်ခံပြုထားတဲ့ DKBA အဖွဲ့နှင့် KNU အဖွဲ့ တို့ကြားမှာ တစ်ဖက်နဲ့တစ်ဖက် အပြင်းအထန် တိုက်ပွဲတွေဖြစ်ပွါးခဲ့ကြပါတယ်။ ၄င်းတို့ဟာ မြန်မာနိုင်ငံမှာ ကရင်တိုင်းရင်းသားမျိုးနွယ်စု တစ်ခုတည်းက ပေါက်ဖွားလာကြသလို DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာအဖွဲ့အနေနဲ့ကလည်း များမကြာသေးတဲ့ နှစ်များအတွင်းကမှ မိခင် KNU ကရင်အမျိုးသားတပ်မတော်မှ လမ်းခွဲပြိး နအဖ စစ်အုပ်စုထံမှာ ငြိမ်းချမ်းရေးယူသွားခဲ့တာဖြစ်ပါတယ်။ ယခုတော့ နအဖ စစ်အုပ်စုရဲ့ သတ်ရှိုသွေးခွဲမှုကြောင့် ကိုယ့်အမျိုးသားအချင်းချင်း စစ်မြေပြင် သွေးချောင်းစီး တိုက်ပွဲတွေ ဆင်နွဲလို့နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ နအဖစစ်အုပ်စုဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာကို အမြဲပဲ ကြွေးကျော်လို့နေသလို တဖက်မှာလည်း တိုင်းရင်းသား မျိုးနွယ်တစ်ခုတည်းမှာပင် အမျိုးမျိုးသပ်ရှိုသွေးခွဲပြီး အစိတ်စိတ်အမွှာမွှာ ကွဲအောင်ကြိုးစားလို့နေပါတယ်။ ဒီအဖြစ်အပျက်တွေဟာ စစ်အုပ်စုက အာဏာကို မတရားရယူလာကတည်းက ဖြစ်လာခဲ့တာပါ။ တကယ့်လက်တွေမှာတော့ စစ်အာဏာရှင်တို့မည်သည်မှာ တိုင်းရင်းသား ပြည်သူများအချင်းချင်း စည်းလုံးညီညွတ်နေတာကို မလိုလားပါဘူး။ အချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားလေ သူတို့အာဏာထိုင်ခုံ တည်မြဲလေဆိုတာကို ကောင်းကောင်းကြီး သဘောပေါက်နားလည်ထားကြသူတွေပါ။ တစ်စုံတစ်ရာ အကြပ်အတည်းတစ်ခုခုနဲ့ ရင်ဆိုင်လာရတိုင်း တိုင်းရင်းသားပြည်သူများအချင်းချင်း ဘာသာရေးနယ်ပယ်က ပုဂ္ကိုလ်တွေအချင်းချင်း ရန်တိုက်ပေးတတ်တဲ့ အလေ့အကျင့်ဟာလည်း မြန်မာနိုင်ငံမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေပါပြီ။ ။ အဲဒီဖြစ်စဉ်တွေကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက သင်ခန်းယူသင့်ကြသလို စစ်အာဏာ၇ှင်တွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို နားလည်သဘောပေါက်သင့်ကြပါပြီ။
ယခုလည်း ရင်နင့်ဖွယ်ဖြစ်ရပ်တစ်ခုကိုကြည့်ပါ။ နအဖ စစ်အုပ်စုရဲ့ ဖိအားပေးမှုတွေကြောင့် ကရင်လူမျိုးအချင်းချင်း ဖြစ်ကြရတဲ့ ဆန့်ကျင်တိုက်ပွဲများအကြား ထိခိုက်ဒဏ်ရာရရှိမှုတွေ မြေမြှုတ်မိုင်းပေါက်ကွဲမှုတွေကြောင့် ခြေလက်အင်္ဂါဆုံးရှုံးသွားခဲ့ရသူတွေရဲ့ သွေးစွမ်းနေတဲ့ ပတ်တီစတွေ နာကြင်မှုဝေဒနာတွေကြောင့် ရှုံ့မဲ့နေတဲ့မျက်လေးတွေနဲ့ သူတစ်ပါးမြေပေါ်က ဆေးရုံပေါ်မှာ ကုတင်ချင်းကပ်လျှက် ဆေးဝါးကုသမှုခံယူနေကြတာကို တွေမြင်ကြရမှာဖြစ်ပါတယ်။ အဲဒီထဲက တစ်ယောက်ဖြစ်တဲ့ KNLA က 26 နှစ်အရွယ်ရှိ Muzzo ဆိုသူက အခုလိုပြောပါတယ် ၊ “ကျွန်တော်က ကျွန်တော်တို့ ကရင်ပြည်သူတွေရဲ့ အကျိုးနဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်” တဲ့။ သူဆက်ပြောတာက “ကျွန်တော်တို့ ပြည်သူတွေအပေါ်မှာ စစ်အစိုးရရဲ့ နှိပ်စက်ညှင်းပမ်းမှုတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေကို သီးမခံနိုင်တော့ဘူး၊ ဒီလိုအဖြစ်မျိုးတွေကိုလည်း လုံးဝအဖြစ်မခံနိုင်ဘူး ဒါကြောင့် ဒီလိုအဖြစ်မျိုးတွေက ရပ်တန့်သွားအောင် ကျွန်တော်တို့ ဆက်လက်တိုက်ခိုက်သွား၇မှာပဲဖြစ်တယ်” လို့ပြောသွားခဲ့ပါတယ်။ Muzzo ဟာ DKBA နှင့် နအဖ စစ်အုပ်စု ပူးပေါင်းတပ်ဖွဲ့တွေရဲ့ KNLA တပ်စခန်းတွေဆီကို ဆက်လက်ချီတက် တိုက်ခိုက်နေမှုကြောင့် ခုခံတိုက်ခိုက်ရင်း မြေမြှုတ်မိုင်းပေါက်ကွဲလို့ လက်နှစ်ဖက်ဖြတ်လိုက်ရပြီး ဘယ်ဖက်မျက်စိလည်း ကွယ်ခဲ့ရပါတယ်။ ၄င်းဆေးရုံပေါ်မှာပဲ မြေမြှုတ်မိုင်းမတော်တဆ ဖြစ်မှုကြောင့် ဒဏ်ရာရှိထားကြတဲ့ DKBA က စစ်သားအချို့လည်း ဆေးဝါးကုသမှုခံယူနေရတာတွေကိုလည်း တွေမြင်ရပါတယ်။ DKBA က စစ်သားတစ်ယောက်ကတော့ မကြာခင်ကမှ ခွဲစိတ်ဖြတ်တောက် ကုသမှုကိုခံနေ၇တာတဲ့အတွက် နာကြင်နေတဲ့ သူ၇ဲ့ ညာဖက်ဒူးကို သက်သာလိုသက်သာငြား ဆုပ်ကိုင်ထားလေရဲ့။ သူ့ဘေးနားမှာတော့ ပင်ပန်းနွမ်းနယ်နေပြီး အကူညီကင်းမဲ့နေတဲ့ မျက်နှာလေးနဲ့ ဇနီးသည်ဖြစ်သူက စောက်ရှောက်လို့နေပါတယ်။
လူနာဆောင်တစ်ခုမှာတော့ ကုတင်ချင်းယှဉ်လျှက် DKBA စစ်သားတစ်ယောက်နှင့် KNU စစ်သားတစ်ယောက်တို့ တကယ့်မိတ်ဆွေဟောင်းကြီးတွေပမာ စကားလက်ဆုံကြနေကြပါတယ်။ DKBA စစ်သားကပြောတာက ဒီလိုပါ “ကျွန်တော် DKBA နှင့်မပူးပေါင်းချင်ပါဘူး ဒါပေမဲ့ ကျွန်တော့ကို ပူးပေါင်ဖို့ ဖိအားပေးတယ်လေ။ ကျွန်တော်အနေနဲ့ ကရင်ပြည်သူတွေအချင်းချင်း မတိုက်ချင်ပါဘူး ဒါပေမဲ့လည်း ကျွန်တော့ကို ပစ်ဖို့အမိန့်ပေးတော့ ကျွန်တော့မှာ ရွေးချယ်စရာလမ်းမရှိတော့ဘူးပေါ့ ၊ တကယ်တော့ ကျွန်တော်ဟာ တောင်ယာလုပ်ငန်း လုပ်ကိုင်ရင် အေးအေးချမ်းချမ်းနေချင်တာပါ”လို့ပြောပါတယ်။
တကယ်တော့ သူတို့တစ်တွေရဲ့ ပြောဆိုတဲ့စကားသံတွေဟာ ကိုယ့်လူမျိုး အကျိုးစီးပွါးနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေလိုတဲ့ သူတို့၇ဲ့ သဘောထားတွေကို ရောင်ပြန်ဟပ်စေလို့နေပါတယ်။
တစ်ခုသတိထားမိတာက သူတို့တစ်တွေရဲ့ ဦးတည်ချက်တွေဟာ တူညီပါလျှက်နဲ့ ဘာဖြစ်လို့များ လမ်းတစ်ခုတည်းမှာအတူမလျှောက်နိုင်ကြပဲ ထိပ်တိုက်လမ်းကြောင်းပေါ်ကိုရောက်နေကြတာလဲ။ နအဖစစ်အုပ်စုက ပေးတဲ့ ဒဏ်ရာဒဏ်ချက်တွေက မပြောက်သေးသလို အခုချိန်ထိလည်း ဒုက္ခပေါင်းများစွာတွေကို ပေးနေဆဲ ၊ ဒီလိုအခြေအနေနဲ့ အချိန်အခါမျိုးမှာပဲ ကိုယ့်လူမျိုးအချင်းချင်း လက်နက်စွဲကိုင်ပြီး ရက်ရက်စက်စက် သတ်ပြနေကြတော့ ခက်မနေပေဘူးလား။ စကားရိုင်းရိုင်းနဲ့ပြောရရင် “ခွေးဝမ်းသာအောင် လေလည်ပြနေတယ်” ဆိုတာမျိုးဖြစ်နေပါတယ်။
စစ်အာဏာရှင်စနစ် မပျက်သုဉ်းသေးသမျှကာလပတ်လုံး တစ်နိုင်ငံလုံးနှင့် တိုင်းရင်သားပြည်သူတစ်ရပ်လုံးအကြား ဒုက္ခမျိုးစုံရဲ့အောက်က ရုန်းထွက်ဖို့ မလွယ်ကူသလို တိုင်းရင်သားပြည်သူအချင်းချင်းနှင့် ဘာသာရေးနယ်ပယ်က ပုဂ္ဂိုလ်အသီးသီးတို့အကြား နားလည်မှုလွဲမှားမှုတွေကလည်း ဆက်လက်ဖြစ်ပေါ်နေအုံးမှာကတော့ မလွဲဧကန်ပါပဲ။ ခောတ်အဆက်ဆက်က ဖြတ်ကျော်ခဲ့ရတဲ့ အတွေ့အကြေုံတွေ သင်ခန်းစာတွေကို ရယူပြီး နားလည်သဘောပေါက်ကြမယ်ဆိုရင် စစ်အာဏာရှင်စနစ်ဟာ ရေရှည်မရပ်တည်နိုင်ပါဘူး။ ဒီသဘောတရားတွေကို နားလည်သဘောပေါက်ကြမယ်ဆိုရင် ယခုအချိန်ဟာ အချိန်အခါကောင်းပါ။ နောက်မကျသေးပါဘူး။ အသိတရားတစ်ခုကို အခြေခံပြီး လက်ရှိအခြေအနေကို အကျိုးရှိရှိ အသုံးချနိုင်ကြမယ်ဆိုရင်တော့ မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို မုချဧကန်ရောက်ရှိကြမှာဖြစ်ပါတယ်။
သခင်နွယ်
Posted by newlight at 9:59 AM 0 comments
Labels: article